၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၅
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတွင် ပအိုဝ်းတစ်မျိုးသားလုံး ပါဝင်ဆောင်ရွက်ရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၏ ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက တိုက်တွန်းပြောကြားလိုက်သည်။
ပအိုဝ်းအမျိုးသားတော်လှန်ရေးတွင် ကျဆုံးခဲ့သည့် ပအိုဝ်းအမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး ဖြားဗွာလှဖေ (ခ) သထုံ ဦးလှဖေနှင့်တကွ ကျဆုံးခဲ့သည့် သူများကို အောက်မေ့သတိရသောအားဖြင့် (၄၆) နှစ်မြောက် ပအိုဝ်းအမျိုးသား အာဇာနည် နေ့ ကို ယမန်နေ့ (စက်တင်ဘာ ၂၄) က ကျင်းပပြီးနောက် အထက်ပါအတိုင်း တိုက်တွန်းပြောကြားလိုက်ခြင်း ဖြစ်သည်။
PNLO ၏ ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “ပအိုဝ်းအမျိုးသားလွတ်မြောက်မှု တော်လှန်ရေးထဲမှာ ကျဆုံးခဲ့တဲ့ အာဇာနည် ခေါင်း ဆောင်တွေကို ဂုဏ်ပြုရင်းနဲ့ သူတို့ ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေအတိုင်း အကောင်အထည်ဖော်ဖို့ဆိုတာ ကျနော်တို့ တိုက်တွန်း တာဖြစ်ပါတယ်။ အဲချမှတ်ခဲ့တဲ့ လမ်းစဉ်တွေထဲမှာ ကျနော်တို့ စစ်အာဏာရှင်စနစ်အပါအဝင်၊ အာဏာရှင်စနစ် အမျိုးမျိုးကို ချုပ်ငြိမ်းပြီးတော့မှ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး ဆိုတာ ပအိုဝ်းအမျိုးသားတွေရဲ့ အစဉ်တစ်စိုက် ချမှတ်ခဲ့တဲ့မူဖြစ်ပါတယ်။ ဒီနေ့လို ကာလမျိုးမှာလည်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ပအိုဝ်းတစ်မျိုးသားလုံးကို ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းတာဖြစ်ပါတယ်” ဟု ပြောသည်။
ပအိုဝ်းအမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး ဖြားဗွာလှဖေ (ခ) သထုံဦးလှဖေသည် ကိုယ်ပိုင်စီးပွားရေးလုပ်ရန် စုဆောင်း ထားသည့်ငွေ (၁၅) သိန်းဖြင့် တပ်ရင်း(၃)ရင်းစာ လက်နက်များ ဝယ်ယူပြီး ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်မှု တော်လှန်ရေးတို့ကို ထူထောင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
လက်ရှိတိုင်းပြည်၏ အပြောင်းအလဲကို ဖော်ဆောင်နိုင်ရန် အဓိက အင်အားစုမှာ လူငယ်များဖြစ်ပြီး ထို့အတွက်ကြောင့် ပအိုဝ်းလူငယ်များအနေဖြင့် ၎င်းအပြောင်းအလဲကို ပါဝင်ကြရန် PNLO ၏ ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပန်ကြားခဲ့သည်။
၎င်းက “ကျနော်တို့ ပအိုဝ်းလူငယ်တွေ အနေနဲ့လည်း ဒီနေ့ တိုင်းပြည်ရဲ့ အပြောင်းအလဲပေါ့။ ဒီအပြောင်းအလဲကို ဖော် ဆောင်နိုင်မယ့် အဓိက အင်အားစုက လူငယ်တွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူငယ်တွေ အနေနဲ့ ဒီအပြောင်းအလဲကို ဦးဆောင်ပါဝင်ကြဖို့ ပန်ကြားလိုပါတယ်” ဟု ပြောသည်။
ထို့နောက် ပအိုဝ်းအမျိုးသားများအပေါ် အခြားသော တိုင်းရင်းသားပြည်သူများက ထင်ယောင်ထင်မှား ဖြစ်နေကြသလို စစ်အာဏာရှင်၏ ထောက်တိုင်အဖြစ်လည်း ထင်ခံနေရသည်ဟု ခွန်မြင့်ထွန်းက ဆိုသည်။
ထို့အတွက်ကြောင့် မိမိတို့ ပအိုဝ်းအမျိုးသားများအနေဖြင့် ပြည်ထောင်စုနှင့် မိမိအမျိုးသားအတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း အပါအ၀င် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးတို့မှာ ပါဝင်ကြရန် ၎င်းက ပန်ကြားခဲ့သည်။