CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၀

ပအိုဝ်းဒေသနှင့် လူမျိုးကို ကာကွယ်ရေးအတွက် အရွယ်ရောက်ပြီးသား ပအိုဝ်းအမျိုးသား/အမျိုးသမီးများ စစ်သင်တန်း တက်ရောက်ရန် နှိုးဆော်၍ အထူးဒေသ(၆) ငြိမ်းချမ်းရေး PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) က စစ်သင်တန်းများ ပေးလျက်ရှိသည်။

အဆိုပါ စစ်သင်တန်းကို ပအိုဝ်း အမျိုးသား/အမျိုးသမီး အများအပြား တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ၁၉၉၁ ခုနှစ်တွင် တပ်မတော်နှင့် ငြိမ်းချမ်းရေး ယူခဲ့ပြီး အထူးဒေသ(၆) အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသည်။ ၂၀၁၁ ခုနှစ်မှာတော့ အသွင်ပြောင်းပြည်သူ့စစ်အဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၏ နိုင်ငံရေး ဦးဆောင်အဖွဲ့အဖြစ် ရပ်တည်လျက်ရှိသည်။

 ခွန်အောင်ခမ်းထီကို တွေ့ရစဉ်

PNO/PNA ကို ဦးဆောင်ခဲ့သူမှာ ခွန်အောင်ခမ်းထီ ဖြစ်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ် အစပ်မှာ တပ်မတော်နှင့် နွေဦးတော်လှန်ရေးမှ ဖွဲ့ စည်းလာသော ဒေသကာကွယ်ခံတပ်ဖွဲ့များဖြင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ပအိုဝ်းဒေသနှင့် ပအိုဝ်းလူမျိုး များ အကျိုးစီးပွားကို ကာကွယ်ရန် PNO က ပြင်ဆင်လျက်ရှိနေသည်။

စစ်သင်တန်းတက်နေသည့် ပအိုဝ်းတိုင်းရင်းသားများ (PNO အထူးဒေသ-၆)

အလားတူ PNO လှုပ်ရှားနေသော ရှမ်းပြည်နယ်တောင်ပိုင်းမှာ မတူညီသော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့စစ်အဖွဲ့များလည်း လှုပ်ရှားလျက်ရှိနေသည်။