CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံအစိုးရချင်းသဘောတူညီမှု MOU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်သူများတွင် အလုပ်သမားအခွင့်အရေးနှင့်ပတ်သက်၍ ချိုးဖောက်ခံရခြင်းမျိုး မရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍လည်း ထိုင်းရှိ မြန်မာသံရုံးသို့ တိုင်ကြားမှုသည် တစ်လလျှင် အမှု တစ်မှုတောင် မရှိကြောင်း ၎င်းက ပြောသည်။

အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက “အဲဒီတော့ ပြောချင်တာက တရားမဝင်သွားတဲ့အဖွဲ့တွေကလည်း သူတို့ ဘာသာ သူတို့ တရားမဝင်သွားပြီးတော့ ဟိုမှာ အလုပ်လုပ်နေတာကို သူတို့ဘာသာ သူတို့ ရှက်ပြီးတော့ နောက် တစ်ခါ အလုပ်သမားအခွင့်အရေးဆိုင်ရာ အကာအကွယ်မရမှာစိုးလို့ သူတို့က MOU လိုလို ဘာလိုလိုနဲ့ ယောင်တောင်ပြန်ပြီးတော့ ပြောနေကြတာ ဖြစ်တယ်။ MOU နဲ့သွားတယ်ဟေ့ဆိုရင် သက်ဆိုင်ရာ ထိုင်း အေဂျင်စီ ရှိတယ်၊ မြန်မာဘက်က အေဂျင်စီရှိတယ်။ ဒီအပေါ်မှာ နှောင့်နှေးပြီးတော့မှ သဘော တူညီချက်တွေ သွားတာ ဖြစ်တဲ့အတွက် ဘယ်ရွာကလဲ၊ ဘယ်မြို့ကလဲ၊ အသက်ဘယ်လောက်လဲ၊ ဘာလုပ်ငန်းနဲ့သွားတာလဲ စသည်ဖြင့် ကျနော်တို့ဆီမှာ အကုန် အထောက်အထားတွေ ရှိတယ်။ တချို့ကိစ္စတွေကြတော့ အဲဒီလိုပေါ့ နိုင်ငံတော်ကို သိက္ခာ ကျအောင် သူတို့ကပဲ MOU နဲ့ ထွက်လာ သယောင်ယောင် ဘာယောင်ယောင်နဲ့ ဒီလိုပြောပြီးတော့ နိုင်ငံရေးအရ အမြတ်ထုတ်ပြီးတော့ ပြောနေ လုပ်နေတာ ရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် MOU နဲ့ လုပ်နေတဲ့ အဖွဲ့တွေက တကယ့် အလုပ်သမား အခွင့်အရေးဆိုင်ရာ ထိုင်းဘက်မှာ ချိုးဖောက်ခံရလို့၊ ကြီးကြီးကျယ်ကျယ် သူတို့ ဒုက္ခ ရောက်နေပြီဆိုပြီး complain တွေ တိုင်ကြားမှုတွေက တစ်လနေလို့ တစ်မှုတောင် မရှိပါဘူး။ ဒါလက်ရှိ နိုင်ငံတော် အစိုးရရဲ့ တာဝန်ပေးချက်အရ အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့အခါမှာ လက်ရှိဖြစ်နေတဲ့ သာဓက ကို ကျနော်တို့က ဒီကိစ္စတွေကို ကြီးကြပ် ကိုင်တွယ်နေရတဲ့သူဖြစ်တဲ့အတွက် ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်” ဟု ပြောသည်။

အထည်ချုပ်စက်ရုံလုပ်ငန်းခွင်

လက်ရှိတွင် MOU ဖြင့် စေလွှတ်ခံရသည့်အတွက် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းသို့ ရောက်ရှိသည့် အခါတွင် စာချုပ်ပါအတိုင်းအလုပ်မရရှိခြင်းသာမက စာချုပ်ပါအလုပ်အပြင် အခြားအလုပ်များကိုပါ လုပ်ကိုင် နေရခြင်းတို့ ကြုံတွေ့နေရကြောင်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ကြုံတွေ့ရသည့် ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းရှိ အလုပ်သမားအရေးဆောင်ရွက်နေသူများထံသို့ လာရောက်အကူအညီတောင်းခံခြင်းများမှာ ရာနှင့်ချီရှိသဖြင့် သံရုံးသို့ တိုင်ကြားသည့် အမှု တစ်လလျှင် တစ်မှု တောင်မရှိ ဆိုသည်မှာ မဖြစ်နိုင်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြော သည်။

“ကိုယ့်မှာ မဖြစ်တိုင်း ကိုယ့်ဆီမှာ မတွေ့တိုင်း မဖြစ်ဘူးလို့ မြင်မှန်နေကြတာ ဒါဘယ်လိုမှကို မဖြစ်နိုင်တဲ့အရာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ သံရုံးအနေနဲ့ဖြစ်ဖြစ် အလုပ်သမားသံအရာရှိ အနေနဲ့ဖြစ်ဖြစ် ဒီလိုကိစ္စမျိုးတွေ လက်ခံ ရရှိထားတာ လုံးလုံးမရှိဘူးဆိုတာ ကျနော်ထင်တယ် မဖြစ်နိုင်ဘူးလို့ထင်တာပဲ။ ရှိတော့ရှိမယ်ဗျာ။ ဖြေရှင်းလို့ ရတဲ့ဟာရှိမယ်၊ ဒါမှမဟုတ်လည်း တချို့ဟာက လက်လှမ်းမမီလို့ အစရှိသဖြင့်ပေါ့နော် အဲဒါမျိုးတွေ ရှိကောင်း ရှိမယ်။ လုံးလုံးမရှိဘူးဆိုတာကတော့ မဖြစ်နိုင်ဘူး။ မရှိဘဲနဲ့ အပြင်မှာ ဒီဟာက ထွက်မလာနိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။

ထိုင်းရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိများသည် MOU မြန်မာရွှေ့ပြောင်းလုပ်သားများက တိုင်ကြားမှုများ ရှိသော်လည်း မိမိတာဝန်ယူနေစဉ်အချိန်၌ မည်သည့်ကိစ္စရပ်မျှ မဖြစ်ကြောင်းကို ပြသလိုသည့်အနေဖြင့် အလုပ်သမားဝန်ကြီးဌာနသို့ အမှန်အတိုင်း မတင်ပြခြင်းဖြစ်နိုင်ကြောင်းလည်း ထိုင်းရှိ မြန်မာ့အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ရေထွက်ကုန်ပစ္စည်း လုပ်ငန်းခွင်(ဓါတ်ပုံ-AFP)

“အဲဒါဆိုရင်တော့ ဒီအလုပ်သမားဝန်ကြီးဌာနရဲ့ ပြောကြားချက်အတိုင်းဆိုရင်တော့ မှားတယ်။ ဒါမှမဟုတ်ရင် သူတို့ ကိုယ်တိုင်က မကူညီလို့နေမှာပေါ့။ နောက်တစ်ခု သူတို့ကို တိုင်ရင်ရော သူတို့ ဒီ အလုပ်သမားဝန်ကြီး ဌာနက ခန့်အပ်တာဝန်ပေးထားတဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမား သံအရာရှိဆိုတဲ့ ပုဂ္ဂိုလ် ၄ ယောက် ကရော မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ တိုင်ကြားချက်တွေကို လှိုက်လှိုက်လှဲလှဲကြိုဆိုတာမရှိဘူး။ ဖုန်းကိုင်တာ မရှိဘူး။ နောက်တစ်ခုက ကျနော်တို့ အဖွဲ့အစည်းကို အကူအညီတောင်းလာလို့ ကျနော်တို့ သတင်းလုပ်တယ်၊ ဆိုရှယ်မီဒီယာပေါ်မှာ တင်တယ်၊ အဲဒီလိုအခါကျရင် သံအရာရှိတွေက ဒီအလုပ်သမားတွေကို သွားရောက် ဆက်သွယ်တာမျိုးတွေ ရှိတယ်။ အဲဒီတော့ ဒီအလုပ်သမားဝန်ကြီးဌာနက တစ်လနေလို့ တစ်မှုတောင် တိုင်လာတဲ့ အလုပ်သမား မရှိပါဘူးလို့ ပြောတယ်ဆိုရင်တော့ အဲဒါကြီးက လုံးဝမှားတယ်။ အခုလက်ရှိတောင် မြန်မာ အေဂျင်စီတွေ တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲနဲ့ အလုပ်မရသေးတဲ့ အလုပ်သမားတွေ ကျနော်တို့ရုံးမှာ တိုင်လာ တဲ့အမှု လက်ရှိ ၆ မှုရှိတယ်။ ဒါအဖြေက ရိုးရိုးရှင်းရှင်းလေးပဲ။ သူတို့ ဒုက္ခရောက်လာလို့ရှိရင် တကယ် အကူအညီ ပေးတဲ့အဖွဲ့အစည်းကိုပဲ သူတို့က အကြောင်းကြားတော့တယ်” ဟု ကိုသားကြီးက ပြောသည်။

ကိုဗစ်ကြောင့် MOU ဖြင့် အလုပ်သမားစေလွှတ်ခြင်းအား ရပ်နားထားခဲ့ပြီးနောက် ပြန်လည် စေလွှတ်သည့်အချိန်မှ စတင်ကာ လက်ရှိအချိန်အထိ အေဂျင်စီ ၇ ခုခန့်မှ အလုပ်သမား ရာနှင့်ချီအား စာချုပ်ပါအတိုင်း အလုပ်မရရှိသဖြင့် ကူညီဆောင်ရွက်ပေးထားကြောင်း ကိုသားကြီးက ပြောသည်။

MOU ဖြင့် ရောက်ရှိပြီး စာချုပ်ပါအတိုင်း အလုပ်မရရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် အဆိုပါ လုပ်ငန်းခွင်မှနေ၍ အလုပ်ထွက်ခွင့်ပေးရန် တောင်းဆိုပါက တရားဝင်ထွက်စာခကို အလုပ်ရှင်ဘက်မှ မတရား တောင်းခံမှုများလည်း ရှိကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများထံမှ သိရသည်။

ထိုသို့ ရွှေ့ပြောင်းလုပ်သားများအား အကူအညီပေးရာတွင် အချို့လုပ်သားများသည် ထိုင်းရှိ အလုပ်သမား ဥပဒေအရ မဆောင်ရွက်သေးဘဲ အေဂျင်စီမှ အခြားအလုပ်နေရာတစ်ခု ရှာဖွေပေးသည်ကို အချိန်ကာလတစ်ခု အထိ စောင့်ချင်သည့်သူများရှိသကဲ့သို့ တရားဥပဒေအရ ကူညီဆောင်ရွက်ခိုင်းသည့် သူများရှိကြောင်းလည်း သိရသည်။