ကိုနာခရိုင်း၊စက်တင်ဘာ ၉

ဂီနီနိုင်ငံတွင် အာဏာသိမ်းခဲ့သော စစ်တပ်က အရပ်သားအုပ်ချုပ်မှု အသွင်ကူးပြောင်းရေးကို ဆိုင်းငံ့ထားပြီး ညီညွတ်သောအစိုးရတစ်ရပ်ဖွဲ့စည်းရန် စီစဉ်စိုင်းပြင်းနေကြောင်း၊ သတ္တုတူးဖော်ရေးကုမ္ပဏီများ ဆက်လက် လည်ပတ်ရေးနှင့်လုပ်ငန်းများအတွက် ယခင်သဘောတူစာချုပ်များ ဆက်လက်တည်တံ့စေရေး အာဏာသိမ်းအဖွဲ့ အနေဖြင့် လေးစားလိုက်နာမည်ဖြစ်ကြောင်း အာမခံပြောကြားခဲ့သည်ဟု bloomberg.com တွင် သတင်းဖော်ပြ ထားသည်။။

“အသွင်ကူးပြောင်းရေး ဦးဆောင်မယ့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မှာဖြစ်ပါတယ်” ဟု အာဏာသိမ်း စစ် ခေါင်းဆောင် ဗိုလ်မှူးကြီး မာမာဒီဒိုရမ်ဘွာယာ(Mamady Doumbouya)က ဖြုတ်ချခံထားရသော အုပ်ချုပ်ရေး အဖွဲ့ဝင်များရှေ့မှောက်၌ စက်တင်ဘာ ၆ ရက်က မိန့်ခွန်းပြောကြားခဲ့သည်။
“သတ္တုတွင်းဇုန်မှာထုတ်တဲ့ ညလမ်းမထွက်ရ(ကာဖြူး)အမိန့်ကို ပြန်လည်ရုတ်သိမ်းပေးပြီးတော့ ထုတ်လုပ်မှု လုပ်ငန်းတွေ ဆက်လက်လည်ပတ်စေဖို့ ရည်ရွယ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တစ်ချိန်တည်းမှာပဲ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်ပေးထားကြောင်း သိရသည်။

မာမာဒီဒိုရမ်ဘွာယာဦးဆောင်သော တပ်ဖွဲ့များသည် စက်တင်ဘာ ၅ ရက်က သမ္မတအယ်လ်ဖာကွဲန်ကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့သည်။ အသက် ၈၃ နှစ်ရှိပြီဖြစ်သည့် သမ္မတအယ်လ်ဖာကွဲန်သည် ၂၀၁၀ ပြည့်နှစ်နှောင်းပိုင်း အာဏာရခဲ့ခြင်းဖြစ်ပြီး ယခုရာထူးမှ နုတ်ထွက်ရန် ဖိအားပေးခြင်းကို အပြင်းအထန် ငြင်းဆန်ခဲ့ကြောင်း အမည် မဖော်လိုသူ ၎င်းနှင့်နီးစပ်သူတစ်ဦး၏ပြောကြားချက်ကို ကိုးကားလျက် နိုင်ငံတကာသတင်းဌာနများက ရေးသား ဖော်ပြကြသည်။ လတ်တလောအနေအထားတွင် သမ္မတသည် မီဒီယာများနှင့်တွေ့ဆုံခွင့်မရဘဲ ရှိနေသည်။

မာမာဒီဒိုရမ်ဘွာယာသည် သူ့ကိုယ်သူ အသွင်ကူးပြောင်းရေးခေါင်းဆောင်အဖြစ် ပြသနေကြောင်း လူအများစုက ဝေဖန်နေကြသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် သမ္မတလုံခြုံရေးတပ်ဖွဲ့ဝင်များကို ကိုနာခရိုင်း မြို့တော်အပြင်ဘက်ရှိ တန်းလျားတစ်ခုတွင် ချုပ်နှောင်ထားပြီး ယခင်လုံခြုံရေးအရာရှိများကိုလည်း ပြည်ပ ထွက်ခွာခွင့် တားမြစ်ထားသည်။

ယခင် ဂီနီအစိုးရအဖွဲ့ဝန်ကြီးဌာနများမှ အတွင်းဝန်နှင့်ဝန်ကြီးရာထူးနေရာများကို အပြောင်းအလဲလုပ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ပြီး ဒေသအသီးသီးရှိ တပ်မှူးများနှင့် အုပ်ချုပ်ရေးမှူးများကို လူစားထိုးရန် ရှိနေသည်။

ယခုအာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ကိုနာခရိုင်းမြို့တော်တွင် ညတွင်းချင်း ဆူပူအုံကြွသည့်အနေအထားမျိုး မရှိခဲ့ကြောင်း သတင်းရရှိသည်။