CNI News

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၉

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်သည့် အရေးပေါ် အခြေအနေ ကြေညာခြင်းသည် နိုင်ငံရေး တောင်းဆိုချက်အရ နိုင်ငံရေးကြိုးပမ်းမှု တစ်ရပ်ဖြစ်ကြောင်း အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် ရှုမြင်ကြောင်း အဖွဲ့ဝင် ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် PPST ၏ စက်တင်ဘာ ၉ ရက် ယနေ့ ကျင်းပသော အစည်းအဝေးတွင် အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း ကိုယ်စား အဖွဲ့ဝင် ဗိုလ်မှူးကြီးစိုင်းငင်းက နိဂုံးချုပ်မိန်းခွန်းတွင် အထက်ပါအတိုင်း ပြောခဲ့သည်။

ဗိုလ်မှူးကြီးစိုင်းငင်း “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ အရေးပေါ် ကြေညာခြင်းနဲ့ ပတ်သက် လို့ ပြောရမယ်ဆိုရင် ထူးခြားတဲ့ အခြေအနေမှာ နိုင်ငံရေးတောင်းဆိုချက်အရ NUG ရဲ့ နိုင်ငံရေးကြိုးပမ်းမှု တစ်ရပ်ဖြစ်ကြောင်းကို မိမိတို့ PPST အနေနဲ့ ရှုမြင်ကြောင်း အသိပေး ပြောကြားလိုပါတယ်” ဟု ပြောသည်။
NUG သည် စက်တင်ဘာ ၇ ရက်က တစ်နိုင်ငံလုံးကို အရေးပေါ် အခြေအနေ သတ်မှတ်ကြောင်းနှင့် စစ်တပ်ကို တိုက်ခိုက်ကြရန် တိုက်တွန်းကြောင်း
NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလမှ မိန့်ခွန်းပြောကာ ကြေညာခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးခေါင်းဆောင်များ အပါအဝင် ပုဂ္ဂိုလ် များ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေး၍ နိုင်ငံရေးမတူညီမှုများအား အမြန်ဆုံး ဆွေးနွေး အဖြေရှာ သွားရန်၊ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများမှာ သက်ဆိုင်သူ အားလုံးပါဝင်ပြီး နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုနှင့်အတူ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် တိုက်တွန်းခဲ့သည်။

တိုင်းပြည်၏ အာဏာကို အရပ်သားကိုယ်စားလှယ်များ အုပ်ချုပ်မှုနှင့် ဒီမိုကရေစီ မူဘောင်အတွင်း ဆောလျင်စွာ ပြန်လွှဲပြောင်းရေးကို ဝိုင်းဝန်းအဖြေရှာကြရန်လည်း ဗိုလ်မှူးကြီးစိုင်းငင်းက တိုက်တွန်းထားသည်။

ထို့အပြင် တိုင်းပြည် ရေရှည်တည်တံ့ရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးတို့ကို ရှေ့ရှုပြီး လူထုကို ကာကွယ်မှု ပေးသော လုံခြုံရေးစနစ် တည်ဆောက်သွားရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ် ပေးရန်၊ ပြည်သူလူထုများ၏ ဆုံးရှုံးနစ်နာမှုများအတွက် ဘဝပြန်လည်ထူထောင်ရေးနှင့် ပြန်လည် ကုစားရေးများ ဆောင်ရွက်သွားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA)ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP) တို့ဖြင့် ကနဉီးဖွဲ့စည်းခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် NCA ထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ လည်း ပါ၀င်လာသည့်အတွက် အဖွဲ့ဝင် (၁၀)ဖွဲ့ဖြင့် PPST ကို ဖွဲ့စည်းထား သည်။