CNI International News
ကဘူးလ်၊ စက်တင်ဘာ ၈
တာလီဘန်စစ်သွေးကြွများသည် ၎င်းတို့ အတွင်းစည်း အသိုင်းအဝိုင်းမှ သီးသန့်ရေးဆွဲထားသော မူများကို အခြေခံ၍ အမျိုးသားများသာ သီးသန့်ပါဝင်သည့် အိမ်စောင့်အစိုးရကို ကြေညာလိုက်ပြီဖြစ်သည်။ ၎င်းတို့ အစိုးရအဖွဲ့ စာရင်းကို ကြည့်လိုက်သည့်အခါ ကုလသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့ခံရသူတစ်ဦးက ဝန်ကြီးချုပ်ရာထူးကို ယူထားပြီး အမေရိကန်က အကြမ်းဖက်သမားအဖြစ် ကြေညာခံထားရသူ နောက်တစ်ဦးကလည်း ပြည်ထဲရေးဝန်ကြီး ဖြစ်နေသည်။
အမေရိကန်ဦးဆောင်သော နိုင်ငံခြားတပ်များ ပြန်ဆုတ်သွားပြီး တာလီဘန်တို့ စစ်ရေးအရ အောင်ပွဲခံသည့်နောက်ပိုင်း ရက်သတ္တ ၃ ပတ်အကြာ စက်တင်ဘာ ၇ ရက်က ထုတ်ပြန်သော အစိုးရသစ်တွင် ပါဝင်သူများစာရင်းသည် ၎င်းတို့ပြိုင်ဘက် များအပေါ် သံလွင်ခက်(ငြိမ်းချမ်းရေး)အရိပ်လက္ခဏာတော့ ပြသခြင်း မရှိပေ။
၁၉၉၀ ပြည့်လွန်နှစ်များက တာလီဘန်များ ရက်စက်ဖိနှိပ်မှုဖြင့် အုပ်ချုပ်စဉ်တုန်းက အကြီးတန်းဝန်ကြီးဖြစ်ခဲ့ဖူးသူ မူလာ မိုဟာမက် ဟာစန်အက်ခွန်ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားသလို ၂၀၂၀ ပြည့်နှစ် အမေရိကန် ပြန်ဆုတ်ရေး သဘောတူ စာချုပ်ကို ကြီးကြပ်လက်မှတ်ထိုးခဲ့သည့် ပူးတွဲတည်ထောင်သူ အဗ္ဗဒူဂါနီဘာရာဒါကို ဒုတိယဝန်ကြီးချုပ် နေရာ ပေးထားသည်။
ဟက်ကာနီ (Haqqani)ကွန်ရက်ကို စတင်တည်ထောင်သည့် စီရာဂျက်ဒင်ဟက်ကာနီကို ယခု အရေးပါသည့် ရာထူး တစ်ခု ဖြစ်သော ပြည်ထဲရေးဝန်ကြီး နေရာပေးထားသည်။ သူသည် အသေခံ ဗုံးခွဲတိုက်ခိုက်မှုများကို ကြိုးကိုင်သူဖြစ်သလို အယ်လ်ကိုင်းဒါးတို့နှင့် ဆက်စပ်သူဖြစ်၍ အမေရိကန် FBI က အလိုရှိဆုံး ဆုငွေထုတ်ခံထားရသည်။
ယခုကဲ့သို့ တာလီဘန်များ အစိုးရသစ် ကြေညာလိုက်သည့်အပေါ် ကမ္ဘာက မည်သို့မည်ပုံ တုံ့ပြန်ကြသလဲ … အောက်တွင် ဆက်လက်ဖတ်ရှုပါရန် >>>
အမေရိကန်
အာဖဂန်အစိုးရသစ်တွင် ထိပ်တန်းရာထူးများ၌ ရာဇဝင်ဟောင်း ဆက်နွှယ်မှုများနှင့် မှတ်တမ်းရှိသူများ ပါဝင်နေ၍ စိုးရိမ် မိကြောင်း အမေရိကန်က ပြောသည်။
“အခု ကြေညာထားတဲ့ နာမည်စာရင်းမှာ တာလီဘန်အဖွဲ့ဝင် (ဒါမှမဟုတ်) သူတို့နဲ့ ရင်းနှီးတဲ့ အပေါင်းအသင်းတွေ၊ အမျိုးသမီး တွေ မပါဘူးဗျ။ ဒီလူတွေ တစ်ဦးချင်းစီရဲ့ နောက်ကြောင်း ရာဇဝင်နဲ့ မှတ်တမ်းတွေကို ပြန်ကြည့်တော့ ကျနော်တို့ စိုးရိမ်စရာ ဖြစ်လာတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
“တာလီဘန်တွေက ဒီလူတွေကို အိမ်စောင့်အစိုးရအဖွဲ့မှာ ထုတ်ပြန်ခဲ့တဲ့အပေါ် ကျနော်တို့ နားလည်ပါတယ်။ ဒါပေမယ့် တာလီဘန်တွေရဲ့လုပ်ရပ်ကို စကားလုံးအနေနဲ့ မဟုတ်ဘဲ လက်တွေ့အားဖြင့် ကျနော်တို့ ဆုံးဖြတ်မှာပါ” ဟု ၎င်းက သဘောထားမှတ်ချက်ပေးသည်။
တူရကီ
တူရကီသမ္မတ ရာဂျစ်တာယက်အာဒိုဂန်က “အာဖဂန်နစ္စတန်၌ ဖြစ်ပေါ်တိုးတက်မှုများကို ဂရုတစိုက် စောင့်ကြည့်နေ ကြောင်း” ပြောသည်။
“ဒီယာယီအစိုးရဆိုတာက ဘယ်လောက်ကြာဦးမယ် မသိဘူးဗျ။ ကျနော်တို့လုပ်ရမှာက ဒီဖြစ်စဉ်ကြီးကို ဂရုတစိုက် ကြည့်နေ ဖို့ပါပဲ” ဟု အာဒိုဂန်က ၎င်း၏ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ တရားဝင်ခရီးစဉ်အတွင်း သတင်းထောက်များကို ပြောခဲ့သည်။
တရုတ်
အာဖဂန်နစ္စတန်နိုင်ငံတွင် ရက်သတ္တ ၃ ပတ်ကြာ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပေါ်နေခြင်းကို အဆုံးသတ်ရန် ကြားဖြတ်အစိုးရ ဖွဲ့နိုင်ခဲ့၍ ကြိုဆိုကြောင်း၊ နိုင်ငံပြန်လည်တည်ငြိမ်ဖို့ တာလီဘန်များကို တိုက်တွန်းပါကြောင်း ဘေဂျင်းက ပြောသည်။
အမေရိကန်ဆုတ်ခွာသည့် အစီအစဉ်နှင့်ပတ်သက်၍ “မကောင်းသော အကြံအစည်များနှင့် အလျင်စလို ပြုလုပ်ခဲ့ကြောင်း” တရုတ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ယခုအစိုးရသစ်သည် နိုင်ငံတည်ငြိမ်ရေးကို အထောက်အကူ ပြုသွားလိမ့်မည်ဟု ဘေဂျင်းအနေဖြင့် စက်တင်ဘာ ၉ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
“တာလီဘန်တွေ ကြားဖြတ်အစိုးရ တည်ထောင်တာနဲ့ အရေးကြီးပုဂ္ဂိုလ်တွေ ခန့်အပ်နေရာချထားတာကို တရုတ်က အလေး အနက်ထားပါတယ်” ဟု တရုတ်နိုင်ငံခြားဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်းဝန်ပင်း (Wang Wenbin)က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ထည့်သွင်း ပြောသွားခဲ့သည်။
“ဒါဟာ အာဖဂန်နစ္စတန်မှာ ရက်သတ္တ ၃ ပတ်ကျော် မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်နေခဲ့တာတွေကို အဆုံးသတ်ပြီး တိုင်းပြည် ပြန်လည်ထူထောင်ဖို့ လိုအပ်တဲ့ ခြေလှမ်းတစ်ရပ်ပါ” ဟု ၎င်းက ပြောသည်။
ကမ္ဘာ့နိုင်ငံအများစုက တာလီဘန်များနှင့် စေ့စပ်ဆွေးနွေးရန်အတွက် စောင့်ကြည့်သည့် နည်းလမ်းသာ သုံးနေကြသော်လည်း တရုတ်က တာလီဘန်များ အာဏာသိမ်းပြီးသည်နှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ရန် အသင့်ရှိနေကြောင်း ပြော ထားသည်။
ဥရောပသမဂ္ဂ (EU)
တာလီဘန်တို့၏ အိမ်စောင့်အစိုးရထဲတွင် “မတူကွဲပြားသော အုပ်စုများ ထည့်သွင်းရန်” အုပ်ချုပ်သူများအနေဖြင့် ယခင်က ကတိပြုထားခြင်းကို လက်တွေ့အားဖြင့် မတွေ့ရကြောင်း ဥရောပသမဂ္ဂ (EU) က ထောက်ပြထားသည်။
“အာဖဂန်နစ္စတန်မှာ လူမျိုးရေးနဲ့ဘာသာရေး မတူကွဲပြားတာတွေကြောင့် အားလုံးပါဝင်တဲ့ ကိုယ်စားပြုမှုရှိဖို့ အရင် ရက် သတ္တပတ်တွေတုန်းက တာလီဘန်တွေက ကတိပြုခဲ့တာရှိပါတယ်။ ကျနော်တို့ကလည်း အဲဒီလို မျှော်လင့်တယ်။ အခု ကြေညာတဲ့နာမည်ကို ဆန်းစစ်ကြည့်လိုက်တော့ အဲဒီလို မဟုတ်ဘူး” ဟု EU ပြောခွင့်ရသူတစ်ဦးက သဘောထား မှတ်ချက် ပေးထားသည်။
ကုလသမဂ္ဂ (UN)
“အစိုးရတွေကို အသိအမှတ်ပြုတဲ့ လုပ်ရပ်အနေနဲ့ ကမ္ဘာ့နိုင်ငံတွေက လုပ်ဆောင်တာ မတွေ့ရဘူး” ဟု ကုလသမဂ္ဂ ပြောခွင့်ရ သူ ဖာဟန်ဟက် (Farhan Haq)က ပြောသည်။
“အဲဒီလို အသိအမှတ်ပြုဖို့က အဖွဲ့ဝင်နိုင်ငံတွေ လုပ်တာ။ ကျနော်တို့ ကိစ္စမဟုတ်ဘူး။ ကျနော်တို့ရှုထောင့်က ကြည့်ရင်တော့ ဒီနေ့ တာလီဘန် ကြေညာချက်အရ စေ့စပ်ညှိနှိုင်းပြီး အားလုံးပါဝင်နိုင်တဲ့ အဖြေတစ်ခုကပဲ အာဖဂန်အတွက် ရေရှည်တည်တံ့ တဲ့ ငြိမ်းချမ်းရေး ဆောင်ကြည်းပေးပါလိမ့်မယ်” ဟု ၎င်းက သတင်းထောက်များကို ပြောခဲ့သည်။
အာဖဂန်ငြိမ်းချမ်းရေး အဖြေရှာမှုတွင် ပါဝင်ကူညီရန်၊ အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေး အခွင့်အရေး မြှင့်တင်ရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန်တို့ကို ကုလသမဂ္ဂအနေဖြင့် ကတိပြုကြောင်း ၎င်းက ဆက်လက် ပြောသွားခဲ့သည်။