၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၉
ဆရာတော်ဦးဥတ္တမသည် ဗမာပြည်အတွက် လွတ်လပ်ရေး မီးရှူးတန်ဆောင်ဖြစ်သကဲ့သို့ အနစ်နာခံကာ ဗမာပြည်သူများကို နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သည့် ပုဂ္ဂိုလ်လည်း ဖြစ်ကြောင်း ရခိုင်ဦးဆောင်ပါတီ (AFP)မှ ဗဟိုအလုပ်မှုဆောင် ဦးခင်နုက ပြောသည်။
ယနေ့(စက်တင်ဘာ ၉ ရက်နေ့)သည် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်း ၈၂ နှစ်မြောက်နေ့ ဖြစ်ပြီး အထိမ်း အမှတ် အခမ်းအနားကို ရန်ကုန်မြို့ ကန်တော်မင်္ဂလာပန်းခြံအတွင်းရှိ ဦးဥတ္တမရုပ်တုရှေ့မှာ ပြုလုပ်ခဲ့ကာ လာရောက် ဂါရဝပြုခဲ့သည့် ရခိုင်ဦးဆောင်ပါတီ (AFP) မှ ဗဟိုအလုပ်မှုဆောင် ဦးခင်နုက အထက်ပါ အတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။
ဦးခင်နုက “ဆရာတော် ဦးဥတ္တမကတော့ ဗမာတွေကို လွတ်လပ်ရေးအတွက် မီးရှူးတန်ဆောင်အဖြစ် လမ်းပြခဲ့ တဲ့ ပုဂ္ဂိုလ်။ အနစ်နာခံပြီးတော့ ဗမာပြည်သူတွေကို နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့တဲ့ ပုဂ္ဂိုလ်။ ဒီပုဂ္ဂိုလ်ရဲ့ ကျေးဇူးက အင်မတန်မှ ကြီးမားလှတယ်။ ဗမာပြည်အပေါ်မှာ လွတ်လပ်ရေးရဖို့အတွက်။ အဲတော့ ဒီပုဂ္ဂိုလ်ကြီးတစ်ယောက် ကို မမေ့သင့်ဘူး။ ဒီဆရာတော်ပုဂ္ဂိုလ်ကြီးဟာ တကယ်တော့ နောက်ဆုံးနိဂုံးချုပ်မှာ ဘဝကို ချို့ချို့ငဲ့ငဲ့နဲ့ ဘဝကို အဆုံးသတ်သွားတယ်။ အဲတာကို ကျနော်တို့ တော်တော်လေး ခံပြင်းတယ်။ တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်”ဟု ပြောသည်။
ဆရာတော်ကို စစ်တွေမြို့ ရူပရပ်ကွက် ကုန်သည်ဦးမြနှင့် ဒေါ်အောင်ကြွဖြူတို့မှ ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့တွင် မွေးဖွားခဲ့သည်။
စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်၌ အသက် ၁၆ နှစ်တွင် ရှင်သာမဏေ အဖြစ် သာသနာဘောင်သို့ဝင်ခဲ့ ပြီးနောက် ရှင် “ဥတ္တမ”ဟု ဘွဲ့အမည်ကိုရခဲ့ပြီး ပိဋကတ်စာပေများကို သင်ယူရာတွင် သူမတူအောင် ထူးချွန်ကာ ပထမဆုများ ရရှိခဲ့သည်။
ထို့နောက် ရှမ်းအမျိုးသမီး ဒါကာမ တစ်ဦး၏ အကူအညီနှင့် အသက် ၁၇ နှစ်တွင် အိန္ဒိယပြည် ကာလကတ္တား မြို့သို့ ပညာသင်သွားရောက်ခဲ့ပြီး အသက် ၁၉ နှစ်မှာ အင်္ဂလိပ်ပညာ ဆယ်တန်းအောင်၍ ပြန်ကြွလာခဲ့သည်။
ဆရာတော်သည် ဂျပန်တွင် အာရှတစ်ခွင်ကို စိုးမိုးသိမ်းပိုက်ထားသည့် အင်္ဂလိပ်တို့ကို တော်လှန်ရမည်ဟု ဂျပန် ရောက် အာရှတိုက်သားဟူသမျှကို စည်းရုံးလှုံ့ဆော်ခဲ့သည်။
Photo - CNI
ဂျပန်ရောက် တက္ကစီမောင်းသမား အိန္ဒိယသား (၃၀၀)တို့ အား ဆွေးနွေးဟောပြောခြင်း၊ ဘုံဘေနယ်၊ ဘာဂိုးဒါ စတိတ်က ကျွန်စာရင်း အသွင်းမခံလို၍ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးအတွက် ဆရာတော်ကဲ့သို့ ဂျပန်အကူအညီကိုယူရန် ထွက်ပြေးလာခဲ့သူ တရုတ်ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်နှင့် ဆွေးနွေးခြင်း တို့ ပြုလုပ်ခဲ့သည်။
ရခိုင်အမျိုးသားပါတီ (ANP)မှ “ ဆရာတော်အသျှင်ဥတ္တမ၏ နယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး စိတ်ဓါတ်သည် ကျွန်ပြုခံ လူမျိုးများ၏ လွတ်မြောက်ရာ အလင်းပြ မီးရှူးတန်ဆောင်ဖြစ်ရာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေသည့် ရခိုင်လူမျိုးများအတွက် ဆရာတော်၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝိရိယကို စံယူကာ အခက်အခဲ အတားအဆီးများကို ကျော်ဖြတ်၍ ရှေ့သို့ချီတက်ရန် မိမိတို့ပါတီမှ အဓိဌာန်ပြုသည်” ဟု ဆရာတော် ဦးဥတ္တမနေ့ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။
ဆရာတော်သည် ရခိုင်ပြည်သူများအတွက် အာဇာနည်ပုဂ္ဂိုလ်ဖြစ်သလို ဗမာပြည်နှင့် အာရှတိုက်အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်ဟုလည်း ရခိုင်ဦးဆောင်ပါတီ (AFP)မှ ဗဟိုအလုပ်မှုဆောင် ဦးခင်နုက ဆိုသည်။
ဦးခင်နုက “ချေဂွေဗားရားလိုပေါ့ ကိုယ့်နိုင်ငံ တစ်ခုတည်း မဟုတ်ဘူး။ ဒေသတွေ အကုန်လွတ်မြောက်ဖို့အတွက် လွတ်လပ်ရေးရဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ကိုယ်ကျိုးစွန့်ပြီးတော့ အင်မတန်လေးစားခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ ဆရာတော်ကြီး သက်တော်ရှိစဉ်က မမှီလိုက်ပေမယ့် ဆရာတော်ရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ သတိရသောအားဖြင့် လာရောက် ဂါရဝပြုတာြဖစ်တယ်” ဟု ပြောသည်။
သူ့ကျွန်မခံ အမျိုးသား ဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ်ရေး နယ်ချဲ့ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာ ပထမ မြန်မာပြည်သူများကို စတင် တပ်လှန့်နှိုးဆော် စည်းရုံးခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်သည်ဟု ဆိုသည်။
ဆရာတော်ဦးဥတ္တမသည် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာ ၉ ရက် သက်တော် ၆ဝ အရွယ်တွင် ရန်ကုန်၌ ပျံလွန်တော်မူ သည်။