ဂျေရုဆလင်၊ စက်တင်ဘာ ၉
တီဟီရန်၏ လက်နက်ထုတ်လုပ်မှုကို ကန့်သတ်ထားသည့် ထင်ရှားသော သဘောတူညီချက် ပြန်လည် အသက်ဝင်နိုင်ရေး မေးခွန်းများ ကြီးထွားလာချိန်တွင် အီရန်ဘက်မှ နျူးကလီးယားနှင့် စစ်ရေးအစီအစဉ်များ အရှိန်မြှင့်လာနေကြောင်း အစ္စရေး စစ်ဦးစီးချုပ်က သတိပေးလိုက်သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက စက်တင်ဘာ ၇ ရက်တွင် ရေးသားဖော်ပြသည်။
အီရန်ဘက်မှ လှုပ်လှုပ်ခတ်ခတ် အခြေအနေများကြောင့် ၎င်းအပေါ် အရေးယူဆောင်ရွက်မှုများ ပြင်ဆင်ရန် အဆောတလျင် လိုအပ်လာကြောင်း အစ္စရေးစစ်ဦးစီးချုပ် အေဗစ်ကိုဟာဗီက စက်တင်ဘာ ၆ ရက်တွင် အင်တာဗျူးတစ်ခု၌ ထည့်သွင်း ဖြေ သွားခဲ့သည်။
“အရင်က သဘောတူလိုက်တဲ့အတိုင်း ကာကွယ်ရေးဘတ်ဂျက်ကို သိသိသာသာ တိုးလိုက်ရတာဟာ ဒီကိစ္စအတွက်လည်း ရည်ရွယ်ပါတယ်” ဟု အေဗစ်ကိုဟာဗီက ဖြေခဲ့သည်။
“ထောက်လှမ်းရေးရယ်၊ စစ်ဆင်ရေး စွမ်းရည်ရယ်၊ လက်နက်ခဲယမ်းရယ်နဲ့ အင်မတန် ရှုပ်ထွေးတဲ့ အလုပ်တစ်ခုကို ကျနော်တို့ အခု ဝိုင်းလုပ်နေပါတယ်” ဟု ကိုဟာဗီက ဝေါလားသတင်းဌာနသို့ ပြောခဲ့သည်။
၎င်းအနေဖြင့် အရှေ့အလယ်ပိုင်းဒေသတဝိုက် အီရန်၏ မဟာမိတ်များ အနေအထားကို အကဲခတ်နိုင်ရန် ကြိုးစား လုပ်ဆောင် နေကြောင်း ထပ်လောင်းပြောသည်။
“အဓိက ရည်ရွယ်တာကတော့ ဆီးရီးယားကို အလေးထားပြီးတော့ အရှေ့အလယ်ပိုင်းမှာ အီရန်ခေါင်းထောင်လာမှာကို လျှော့ ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းကိုပဲ ရည်ရွယ်ပါတယ်။ သူတို့ကလည်း ဟားမတ်စ်၊ ဟစ်ဇဘိုလာတို့ကိုလည်း ဆန့်ကျင်ပါတယ်” ဟု ကိုဟာဗီက ရှင်းပြသည်။
အမေရိကန်ကာကွယ်ရေးဦးစီးချုပ် လော့အော်စတင် မကြာသေးခင်က ကာတာနိုင်ငံတွင် ပြောကြားချက်အရ အီရန်၏ စစ်ရေး လှုပ်ရှားမှုများက အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုများ ဆက်လက် အရှိန်မြင့်လာစေကြောင်း သိရသည်။
“အကြမ်းဖက်ဝါဒအတွက် အီရန်ရဲ့ ထောက်ခံမှုနဲ့ နိုင်ငံမဲ့ အဖွဲ့အစည်းတွေကို လက်နက်ပံ့ပိုးပေးဖို့ အာသီသရှိတာဟာ ကျနော် တို့ အားလုံး ကြိုးစားနေတဲ့ ဒေသတွင်းတည်ငြိမ်မှုကို ပျက်ပြားစေပါတယ်” ဟု လော့အော်စတင်က ပြောသည်။
“ဒါကြောင့် အီရန်ရဲ့ နျူးကလီးယား ရည်မှန်းချက်များ အပါအဝင် ဒေသတွင်း လုံခြုံရေးနှင့် ကာကွယ်ရေး မြှင့်တင်သွားရေး အတွက် အတူလက်တွဲကြဖို့ ကတိပြုပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အီရန်သည် ၂၀၁၅ ခုနှစ် နိုင်ငံတကာ နျူးကလီးယား သဘောတူညီချက်နှင့် ပတ်သက်၍ အငြင်းပွားစရာ ပေါ်ပေါက် လာခြင်း သည် ဒေသတွင်း တင်းမာမှု တိုးလာစေသည့် အဓိက အကြောင်းရင်း တစ်ရပ်ဖြစ်သည်။
အီရန်ကတော့ ၎င်း၏ နျူးကလီးယား အစီအစဉ်သည် ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်နေကြောင်း အခိုင်အမာ ပြောထားသော် လည်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အနေဖြင့် အီရန်၏ခြေလှမ်းများကို သတိကြီးကြီးထား၍ စောင့်ကြည့် နေသည်။