ကိုနာခရိုင်း၊စက်တင်ဘာ ၈

လတ်တလောအခြေအနေတွင် ဂီနီနိုင်ငံသမ္မတ အယ်လ်ဖာကွဲန်၏ကံကြမ္မာကို ရှင်းရှင်းလင်းလင်း မသိရ သေးသော်လည်း ဗီဒီယိုဖိုင်တစ်ခုတွင်တော့ စစ်သားများက သူ့ကိုပတ်လည်ဝိုင်းနေရင်း အာဏာသိမ်းပြီဟု ပြောဆိုနေသံကြားရကြောင်း စက်တင်ဘာ ၆ ရက်က ဘီဘီစီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

လက်ရှိအစိုးရကို ဖျက်သိမ်းလိုက်ကြောင်း စစ်သားများက ပြောကြားလိုက်သည်ဟု ဂီနီအမျိုးသားတီဗီလိုင်း ပေါ်တွင် ပေါ်ထွက်လာသည်။

သို့သော် ၎င်းတို့အာဏာသိမ်းရန် ကြိုးပမ်းမှုသည် သမ္မတသက်တော်စောင့်၏တားဆီးမှုကြောင့် ပျက်ပြားခဲ့ရ ကြောင်း ဂီနီကာကွယ်ရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

ကိုနာခရိုင်းမြို့တော်ရှိ သမ္မတနန်းတော်အနီးတွင် နာရီပေါင်းများစွာကြာအောင် ပြင်းထန်သော သေနတ်သံများ ထွက်ပေါ်ခဲ့သည်။

အဆိုပါအာဏာသိမ်းရန်ကြိုးပမ်းမှုကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် အာဖရိကသမဂ္ဂတို့က ရှုတ်ချခဲ့ကြပြီး သမ္မတကွဲန်ကို ချက်ချင်းပြန်လွှတ်ပေးရန်တောင်းဆိုခဲ့ကြသည်။

အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သော ဂီနီသည် သဘာဝသယံဇာတ ပေါကြွယ်ဝသော်လည်း တိုင်းပြည် မငြိမ်မသက်ဖြစ်ခြင်းနှင့် စီမံခန့်ခွဲမှုအမှားများရှိခြင်းတို့ကြောင့် ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်နေရသည်။

အနီရောင်၊ ရွှေရောင်နှင့် အစိမ်းရောင်အမျိုးသားအလံတို့နောက်ခံဖြင့် အမည်မဖော်ပြထားသော စစ်သား ၉ ယောက်တို့က ဂီနီအမျိုးသားတီဗီလိုင်း ဖန်သားပြင်ပေါ်တွင်ပေါ်လာပြီး အကျင့်ပျက်ခြစားမှု၊ စီမံခန့်ခွဲပုံ အားနည်းမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့ကြောင့် ၎င်းတို့လက်သို့ အာဏာသိမ်းယူလိုက်ပြီဖြစ်ကြောင်း ကြေညာသည်။

အဆိုပါစစ်သားများသည် သူတို့ကိုယ်သူတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဟု သုံးနှုန်းလျက် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်တဖန်ရေးဆွဲရန် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

အဆိုပါအာဏာသိမ်းမှုကို ပြင်သစ်လူမျိုး ဒုတိယဗိုလ်မှူးကြီးဟောင်း မာမာဒီဒိုရမ်ဘွယ်ယာ ဦးဆောင်သော အထက်တန်းလွှာစစ်တပ်အသိုင်းအဝိုင်းတစ်ခုက စီစဉ်ခဲ့သည်။

ဘီဘီစီက အတည်မပြုနိုင်သေးသည့် ဗီဒီယိုဖိုင်တစ်ခုတွင် “အသက် ၈၃ နှစ်ရှိ သမ္မတကို ၎င်းအတွက် အန္တရာယ် မရှိကြောင်း အတည်ပြုပြောကြားရန် စစ်သားများက စေခိုင်းနေသော်လည်း သမ္မတက ယင်းသို့ပြောကြားဖို့ ငြင်းဆန်နေကြောင်း” တွေ့ရသည်။

ဂျင်းဘောင်းဘီနှင့်တီရှပ်ကို ဝတ်ဆင်လျက် ဆိုဖာတစ်လုံးပေါ် ဖိနပ်မပါ၊ ခြေဗလာဖြင့်ထိုင်နေသော သမ္မတကို အဆိုပါဗီဒီယိုဖိုင်ထဲတွင် တွေ့ရှိရသော်လည်း သမ္မတ ယခု ဘယ်နေရာရောက်သလဲဆိုသည်ကို မသိရပေ။

အာဏာသိမ်းမှုနောက်ကွယ်တွင် ရှိနေသူများက ကုန်းကြောင်းနှင့် လေကြောင်းပိုင်နက်အားလုံးကို ရက်သတ္တ တစ်ပတ်ကြာ ပိတ်ဆို့ထားခဲ့သည်။

သို့သော် ကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ သမ္မတအပေါ် သစ္စာခံသောတပ်ဖွဲ့များက အာဏာသိမ်းရန် ခြိမ်းခြောက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများကို တွန်းလှန်နိုင်ခဲ့ကြောင်း သိရသည်။

အတည်မပြုနိုင်သောသတင်းတစ်ပုဒ်အရ စစ်သား ၃ ဦးသေဆုံးသည်ဟု ဆိုသည်။