CNI International News

ထရီပိုလီ၊စက်တင်ဘာ ၈

၂၀၁၁ ခုနှစ် အာရပ်နွေဦး လူထုအုံကြွမှုအတွင်း သေဆုံးခဲ့သည့် လစ်ဗျားခေါင်းဆောင်ဟောင်း မူမာကဒါဖီ၏ သားဖြစ်သူ ဆားဒီကဒါဖီကို လစ်ဗျားအာဏာပိုင်များက ထောင်မှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အသက် ၄၇ နှစ်အရွယ်ရှိ ဆားဒီးကဒါဖီသည် ထောင်မှ လွတ်လွတ်ချင်း လေယာဉ်ဖြင့် အစ္စတန်ဘူလ်မြို့သို့ ချက်ချင်းထွက်ခွာသွားကြောင်း လစ်ဗျားအစိုးရနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ရိုက်တာသို့ စက်တင်ဘာ ၅ ရက်နေ့က ပြောကြားခဲ့သည်။

ဖခင်ဖြစ်သူ အသတ်ခံခဲ့ရသည့် ၂၀၁၁ ခုနှစ် လစ်ဗျားအရေးအခင်းအတွင်း ဆားဒီးကဒါဖီသည် နိုက်ဂျီးရီးယား နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် နိုက်ဂျီးရီးယားအစိုးရက သူ့ကို လစ်ဗျားနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ဆားဒီးကဒါဖီသည် ပရော်ဖက်ရှင်နယ်ဘောလုံးသမားဟောာင်းတစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်က ဆန္ဒပြသူများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများဖြင့် စွဲချက်အတင်ခံခဲ့ရပြီး ၂၀၀၅ ခုနှစ်က လစ်ဗျားဘောလုံးနည်းပြ ဘာရှာ အယ်လ်ရာယာနီသတ်ဖြတ်ခံရမှုနှင့်လည်း ဆားဒီးကဒါဖီ ဆက်စပ်မှုရှိနေသည်။ ယင်းနောက် ၂၀၁၈ ခုနှစ်၊ ဧပြီလက ဘာရှာအယ်လ်ရာယာနီ သတ်ဖြတ်ခံရမှုမှ ဆားဒီးကဒါဖီသည် တဖန် လွတ်မြောက်လာခဲ့ပြန်သည်။

ဆားဒီးကဒါဖီနှင့် ပတ်သက်သည့်အမှုများ၊ စီရင်ချက်များ အဆောတလျင်အဆုံးသတ်နိုင်ရေးအတွက် လွန်ခဲ့သော လများ၌ လစ်ဗျားအစိုးရရှေ့နေချုပ်ရုံးက တောင်းဆိုခဲ့ကြောင်း အဆိုပါရုံးမှ သတင်းရင်းမြစ်တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။

ထောင်မှပြန်လွတ်လာပြီးနောက် ဆားဒီးကဒါဖီသည် လစ်ဗျားနိုင်ငံအတွင်း လွတ်လွတ်လပ်လပ်နေထိုင်နိုင်ပြီး ပြည်ပသို့လည်း ထွက်ခွာခွင့်ရှိကြောင်း အဆိုပါသတင်းရင်းမြစ်က ဆက်လက်ပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံသည် အာရပ်နွေဦးခေါင်းစဉ်အောက်တွင် လူထုအုံကြွမှု အပြင်းအထန်ဖြစ်ပွားပြီးနောက် ၁၀ နှစ်ကြာ သည့်တိုင် ပြည်တွင်းရေးမငြိမ်မသက်ဖြစ်ခဲ့ကာ ပြိုကွဲမှုများ၊ အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို အရေး အခင်းကာလအတွင်း အာဏာရှင် ဗိုလ်မှူးကြီးဟောင်း မူမာကဒါဖီအပြင် ၎င်း၏သား ၃ ဦး အသတ်ခံခဲ့ရပြီး ဆားဒီးကဒါဖီလည်း နိုင်ငံခြားသို့ ထွက်ပြေးခဲ့ရသည်။