၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၈ ရက်

ပြည်သူလူထုအနေဖြင့် NUG ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်မှုမရှိကြရန်နှင့် အခြေခံ စားနပ်ရိက္ခာပြတ်တောက်သွားစရာအကြောင်းမရှိဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက“ရေတွေပျက်တော့မယ်၊ မီးတွေ ပျက်တော့မယ်၊စားနပ်ရိက္ခာတွေပြတ်တော့မယ်၊စုဆောင်းကြပါ၊ကိုင်တွယ်ကြပါဆိုတဲ့ဟာမျိုးတွေ လုပ်ဆောင် နေကြတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီကောလဟာလတွေကို ယုံကြည်စရာအကြောင်းမရှိပါဘူး။ ကျနော်တို့ ပြောချင်တာက ဒီ မြန်မာနိုင်ငံသည် အခြေခံစားနပ်ရိက္ခာထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ စိုက်ပျိုးမွေးမြူရေးနိုင်ငံ ဖြစ်တဲ့အတွက် အခြေခံစားနပ်ရိက္ခာ ပြတ်တောက်သွားစရာအကြောင်းမရှိဘူး” ဟု ပြောသည်။

NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်ကို အရေးပေါ်သတ်မှတ်ကြောင်း ကြေညာချက်အား စက်တင်ဘာ ၇ ရက်နေ့က ကြေညာခဲ့ပြီး ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားရန်နှင့် လိုအပ်သည့် ရိက္ခာ၊ ဆေးဝါးများစုဆောင်းထားကြရန် မိန့်ခွန်းနှင့် ကြေညာချက်ထုတ်ပြန်ပြီးသည့်နောက်တွင် ပြည်သူများသည် ဈေးများ၊ ဈေးဝယ်စင်တာများ၌ စားသောက်ကုန်များအား အများအပြား ဝယ်ယူလျက်ရှိကြသည်။

NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက “ပြည်သူများအနေဖြင့် ယနေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှုကို အထူးဂရုစိုက်ကြပါ။လိုအပ်တဲ့ ရိက္ခာ၊ဆေးဝါး စသည်တို့ကို စုဆောင်း ထားကြပါ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အခြေခံစားသောက်ကုန်ပစ္စည်းအချို့၏ ဈေးနှုန်းများတက်နေကြောင်း မြေပြင်ကွင်းဆင်းမှုအရ သိရသည်။

မြန်မာနိုင်ငံသည် ဆန်စပါး စိုက်ပျိုးသည့်နိုင်ငံဖြစ်သောကြောင့် ဆန်ဈေးမှာ မတက်သော်လည်း အခြား စားသောက်ကုန်ပစ္စည်းများ ဈေးတက်နေခြင်းသည် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်ဖြစ်သကဲ့သို့ ဘဏ်မှ ငွေထုတ်ယူရသည်မှာ အဆင်မပြေခြင်း၊ တရုတ်နယ်စပ်ကုန်သွယ်ရေးများပိတ်ထားခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာစိုးထွန်းက ဆိုသည်။

ထို့ကြောင့် ဘဏ်များပုံမှန်အတိုင်းလည်ပတ်နိုင်ရန်နှင့် တရုတ်နယ်စပ်ကုန်သွယ်ရေးများအား ပြန်လည် လည်ပတ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံတော် တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ပေးသင့်ကြောင်းလည်း ၎င်းကပြောသည်။

“ငွေဈေးနှုန်းပဲပေါ့။ import လုပ်တဲ့ပစ္စည်းတွေကတော့ ဈေးတက်တာပေါ့။ အခုဒေါ်လာဈေးက ၁၈၀၀ လောက်ဖြစ်တဲ့အခါကျတော့ import လုပ်တဲ့ပစ္စည်းတွေ ဈေးတက်တယ်။ ဗမာငွေတန်ဖိုးကျတဲ့ဟာကိုတော့ Export ပြန်တက်လာအောင်နဲ့ ဒေါ်လာဈေးတည်ငြိမ်အောင်လုပ်ပေးဖို့ကတော့ လိုတာပေါ့” ဟု စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ဆိုသည်။

ထို့အပြင် NUG က အရေးပေါ်အခြေအနေကြေညာခြင်းသည် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပချိန်တွင် ၎င်းတို့၏ လုပ်ငန်းရပ်တစ်ခုပြလိုသည့် သဘောမျိုးဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဆက်လက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ် ကိုင်တွယ်ရေးနှင့်ကာကွယ်ဆေးထိုးရေးကိစ္စအား နစကမှ လုပ် ဆောင်နေခြင်းကို နှောင့်ယှက်ဖျက်စီးရန် NUG က လုပ်ဆောင်ခြင်းဖြစ်ကြောင်းဟုလည်း ဆိုသည်။