ဂျေရုဆလင်၊စက်တင်ဘာ ၈
အစ္စရေးနိုင်ငံ၏အလုံခြုံဆုံး အကျဉ်းထောင်တစ်ခုအတွင်းမှ ပါလက်စတိုင်းအကျဉ်းသား ၆ ဦး ညတွင်းချင်း ထွက်ပြေးလွတ်မြောက်သွားပြီးနောက် အစ္စရေးများက ပြန်လည်ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေကြောင်း ဘီဘီစီ သတင်းတစ်ပုဒ်အရ သိရသည်။
အဆိုပါအကျဉ်းသားများသည် အစ္စရေးနယ်မြေ၏မြောက်ပိုင်းရှိ ဂယ်ဘိုအာအကျဉ်းထောင်အတွင်း ၎င်းတို့ကို ထားရှိသည့် တိုက်ကြမ်းပြင်ကို တွင်းတူး၍ ထောင်အပြင်ဘက်တံတိုင်းကျော်အောင် မြေအောက်ဥမင်လိုဏ်ခေါင်း ဖောက်ကာ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။
၎င်းတို့ လယ်ကွင်းများထဲ ဖြတ်ပြေးနေသည်ကို သတိပြုမိလိုက်ကြောင်း လယ်သမားများက အစ္စရေးအစိုးရဘက် သို့ သတင်းပေးခဲ့သည်။
Photo-Reuters
ထောင်ဖောက်ပြေးသူများမှာ အယ်လ်ကွာစာစစ်သွေးကြွခေါင်းဆောင် ၁ ဦးနှင့် အစ္စလာမ္မစ်ဂျီဟက် ၅ ဦးတို့ ဖြစ်သည်။
၎င်းတို့လွတ်မြောက်သွားခြင်းမှာ လုံခြုံရေးကျိုးပေါက်ခြင်းနှင့် ထောက်လှမ်းရေးပျက်ကွက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း အစ္စရေးအကျဉ်းထောင်အရာရှိတစ်ဦးက ပြောသည်။ ထွက်ပြေးလွတ်မြောက်သွားသူများကို သူရဲကောင်းများအဖြစ် ပါလက်စတိုင်းစစ်သွေးကြွအုပ်စုများက ချီးကျူးနေကြသည်။
ထောင်အရာရှိများက နံနက် ၄ နာရီ(ဂရင်းနစ်စံတော်ချိန် နံနက် ၁ နာရီ)အကျဉ်းသားဦးရေ ပုံမှန်စစ်ဆေးကြည့်ရာ ၆ ဦးပျောက်ဆုံးနေကြောင်း သိခဲ့ရသည်။
ပိုစတာတစ်ခု၏နောက်ကျောတွင် ဝှက်ထားသည့်သံဇွန်းတစ်ချောင်းကို သုံးကာ ထောင်ဖောက်ခဲ့သည်ဟု ယူဆရကြောင်း ဂျေရုဆလင်ပို့စ်သတင်းစာက မှတ်ချက်ချသည်။
Photo - EPA
၎င်းတို့သည် ထောင်မဖောက်မီကတည်းက လက်ကိုင်ဖုန်းတစ်လုံးကို ထောင်ထဲ ခိုးသွင်းအသုံးပြု၍ အပြင်ဘက်ရှိ လူများနှင့်ဆက်သွယ်ကာ မော်တော်ယာဉ်တစ်စီးဖြင့် လွတ်မြောက်သွားသည်ဟု ယုံကြည်ရကြောင်း ရှင်းဘတ် (Shin Bet)လုံခြုံရေးဝန်ဆောင်မှုအဖွဲ့က ဆိုသည်။
အစ္စရေးနယ်စပ်ရဲနှင့်စစ်တပ်များက ဂယ်ဘိုအာထောင်၏ အရှေ့ဘက် ၉ မိုင်အကွာရှိ ဂျော်ဒန်မြစ် အနောက်ဘက် ကမ်းနှင့် ဂျော်ဒန်နိုင်ငံဘက်ခြမ်းသို့ ကူးသန်းသွားလာနေသူများကို ရပ်တန့်ရန် လမ်းပိတ်ဆို့ စစ်ဆေးခဲ့ကြသည်။
အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘင်းနက်က ပြည်သူ့လုံခြုံရေးဝန်ကြီး အိုမာဘာလပ်ဗ်နှင့် စကားပြောဆိုခဲ့ပြီး တရားခံပြေးများရှာဖွေရန် လုံခြုံရေးတပ်များ ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း အလေးအနက် ညွှန်ကြား ထားသည်။