၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈
NUG အနေဖြင့် စက်တင်ဘာ ၇ ရက်က မြန်မာတစ်နိုင်ငံလုံးကို အရေးပေါ် အခြေအနေသတ်မှတ်ကြောင်းနှင့် အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်ကြရန် ကြေညာချက်သည် စစ်ကြေညာခြင်း ဖြစ်သည့်အတွက် မိမိတို့ (ကရင်ဒေသ) ဒေသကို အခြေပြုပြီး စစ်ရေးဆောင်ရွက်မှုများ မပြုလုပ်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက CNI သတင်းဌာနသို့ ပြောသည်။
NUG ၏ အရေးပေါ် သတ်မှတ်ကြောင်းနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများ ပြုလုပ်ရန် ကြေညာချက် ထွက်ပေါ် လာပြီး နောက် KNU ၏ တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက NUG ၏ အမိန့်ကြေညာ ချက်စာသည် စစ်ကြေညာလိုက်သည့် အသွင်ဆောင်ခြင်းကြောင့် မိမိအနေဖြင့် လွန်စွာထိတ်လန့် စိုးရွံမိပါ ကြောင်း တစ်ဦးတည်း သဘောထား ဆန္ဒကို ထုတ်ပြန် ကြေညာခဲ့သည်။
ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက “ကျနော့် လက်မှတ်နဲ့ထုတ်တဲ့စာဆိုတော့ ကျနော့်စာပေါ့။ကျနော့် စာပါ အကြောင်းအရာထဲမှာ ထည့်ထားပြီးသားဖြစ်တယ်လေ။ဒီဟာက ကိုယ့်ရဲ့ နိုင်ငံရေး ပြဿနာကို စစ်ရေး နည်းနဲ့ ဆောင်ရွက်လိုတဲ့ လူတွေရဲ့ဆောင်ရွက်မှုတွေဖြစ်တယ်။တန်ပြန်အစိုးရဖွဲ့စည်းတာဆိုကတည်းက ကျနော့်ရဲ့ဆန္ဒနဲ့တော့ သိပ်ပြီးတော့ မတွေ့ဘူးပေါ့နော်။ အခုနောက်ထပ် အရေးပေါ်ကြေညာပြီးတော့ စစ်ကြေညာတဲ့ သဘောလိုမျိုးဖြစ်တဲ့ အပေါ်မှာ ကျနော်တော့ သဘောမတူဘူးပေါ့နော်။ ဒီလိုမျိုးဆောင်ရွက်မှု တွေက ကျနော်တို့ နိုင်ငံအတွက် ကျနော်တို့ ပြည်သူအတွက် ကောင်းကျိုးဖြစ်စေနိုင်တဲ့ ဆောင်ရွက်မှုမျိုး မဟုတ်ဘူးလို့ဘဲ ကျနော့်အနေနဲ့ မြင်တယ်လေ”ဟု ပြောသည်။
ပုံ- KNU ၏ လေးကေကော်မြို့သစ်က အ၀င်ကိုတွေ့ရစဉ်
ထို့နောက် စစ်ကြောင့် မိမိတို့၏ နိုင်ငံသူ နိုင်ငံသားများ အစားအဝတ် အနေဆင်းရဲကြရပြီး ဒုက္ခမျိုးစုံကြုံခဲ့ရပြီး ဖြစ်ကြောင်း၊ ထပ်မံ မကြုံတွေ့စေလိုတော့ပါကြောင်း၊ သို့ဖြစ်ခြင်းကြောင့် ဤအမိန့်ကို မရုပ်သိမ်းနိုင်ခဲ့သည်ရှိ သော် မိမိတို့၏ အမိမြေကို စစ်တလင်းအဖြစ်သို့ ပို့ဆောင်ပေးသည့် သဘောဆောင်နေကြောင်း စက်တင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပဒိုစောရွှေမောင်း၏ စာထဲမှာ ဖော်ပြထားသည်။
ထို့ကြောင့် မိမိအနေဖြင့် မိဘပြည်သူကိုယ်စား အရေးပေါ် အခြေအနေကို ပြန်လည် ရုပ်သိမ်းပေးပါ၊ မိမိတို့ ဒေသကို အခြေပြုပြီး စစ်ရေးဆောင်ရွက်မှုများ မပြုလုပ်ရန်၊ မိမိတို့ KNU ကရင့်အမျိုးသား အစည်းအရုံး၏ နိုင်ငံရေး ရပ်တည်ချက်နှင့် အညီ နိုင်ငံရေး ပြဿနာရပ်ကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရန် အနူးအညွတ် မေတ္တာရပ်ခံ အပ်ပါကြောင်း ပဒိုစောရွှေမောင်းက ဆိုသည်။
အဆိုပါ စာကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ဗဟိုအတွင်းရေးမှူးအဖွဲ့ထံ ပေးပို့ တင်ပြထားကြောင်းလည်း ၎င်းက ဆိုသည်။
ပုံ-၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၇ ရက်က အရေးပေါ်အခြေအနေ ကြေညာနေသည့် NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလကိုတွေ့ရစဉ်
NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက “ဒီနေ့ စက်တင်ဘာလ ၇ ရက် တော်သလင်းလဆန်း ၂ ရက်နေ့မှ စ၍ စစ်အာဏာ ရှင် ဆန့်ကျင်ရေး၊ ပြည်သူတို့၏ ခုခံတွန်းလှန်စစ်သည် စတင်နေပြီဖြစ်တယ်။ ဤတော်လှန်ရေးသည် ပြည်သူလူထုတို့၏ တော်လှန်ရေး ဖြစ်သည့်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူပြည်သားများအားလုံး မင်းအောင်လှိုင် ဦးဆောင်သည့် အုပ်စုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက် ကြပါ” ဟု စက်တင်ဘာ ၇ ရက်နေ့က အရေးပေါ် မိန့်ခွန်းမှာ ပြောသွားသည်။
NUG သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်းကာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စသဖြင့် ခွဲခြား၍ လက်နက်ကိုင် တိုက်ပွဲများဖြင့် စစ်တပ်က အာဏာရယူထားမှုကို ပြန်လည် သိမ်းယူနိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်။
NUG ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဒေသသည် KNU ၏ ကရင်ပြည်နယ် ပါဝင်နေခြင်းကြောင့် ပဒိုစောရွှေမောင်းက ကရင် ဒေသကို စစ်ရေးအသုံးမပြုရန် တောင်းဆိုခြင်း ဖြစ်သည်။
KNU သည် ၁၉၈၈ ခုနှစ်က တပ်မတော်အာဏာသိမ်းမှုကြောင့် နယ်စပ်ဒေသသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည့် ဒီမိုကရေစီလိုလားသူများကို ကူညီစောင့်ရှောက်ပေးခဲ့ဖူးသလို မြန်မာနိုင်ငံလုံးဆိုင်ရာဒီမိုကရက်တစ်ကျောင်းသားများ တပ်ဦး(ABSDF)ကို ထူထောင်ပေး၍ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ဖူးသည်။
ပုံ-စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေစဉ်
ထို့နောက် စစ်တပ်နှင့် KNU ကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး KNU အတွင်း သဘောထားများ ကွဲလွဲလာကာ ဗိုလ်ချုပ်ကြီး စောလားပွယ် ဦးဆောင်သည့် အဖွဲ့က ၁၉၉၄ တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)ဟု ဆိုကာ ခွဲထွက်သွားခဲ့ကာ ၂၀၁၀ ခုနှစ်အရောက်မှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)အမည်ကို ပြောင်းလဲ၍ ယနေ့တိုင် လှုပ်ရှားလျက်ရှိသည်။
အလားတူ ၂၀၀၇ ခုနှစ်တွင် တပ်မဟာ-၇ မှ ဗိုလ်ချုပ်ကြီး စောထိန်မောင် ဦးဆောင်၍ ခွဲထွက်သွားခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ကို ဖွဲ့စည်းကာ ယနေ့ အထိ လှုပ်ရှားလျက်ရှိသည်။
လက်ရှိတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းကြောင့် နိုင်ငံတစ်ဝန်း ဆန့်ကျင် ကန့်ကွက်ခဲ့ကြရာ ကို ဖြိုခွင်းရာမှာ လူသေဆုံးမှုများ ဖြစ်လာသည့်အတွက် လက်နက်ကိုင် တိုက်ခိုက်ရန် အများစုက ယုံကြည်လာပြီး တိုင်းရင်းသား လက်နက်ကိုင်ဒေသများသို့ သွားရောက်ကာ စစ်သင်တန်းများ တက်ရောက်လျက်ရှိကြသည်။
စစ်တပ်ဘက်ကတော့ KNU ၊ KIA၊ TNLA မှ တပ်မဟာ တချို့သည် စစ်သင်တန်းများ ပေးနေကြောင်း ပြောကာ စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်လာခဲ့ကြပြီး တိုက်ပွဲများ ဖြစ်ပွားနေသည်။
လက်ရှိမှာလည်း ကရင်ပြည်နယ်တွင် စစ်တပ်နှင့် KNU ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ကရင်ပြည်နယ်အတွင်းနေ ပြည်သူ များ နေရပ်စွန့်ခွာ တိုက်ပွဲရှောင်နေကြရသည်။
ဆက်စပ်သတင်းများ ဖတ်ရန်-----https://cnimyanmar.com/index.php/political/politics-local/1004-nug
----https://cnimyanmar.com/index.php/political/politics-local/1007-ppst-3
----https://cnimyanmar.com/index.php/political/politics-local/1010-2021-09-07-17-08-42
----
Youtube တွင်ကြည့်ရှုရန် ------