- By CNI
- Category: နိုင်ငံရေး
- Hits: 1045
CNI International News
တိုကျို၊ ဇူလိုင် ၉
ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ရုပ်ကလပ်ကို တိုကျိုမြို့တော်ရှိ ၎င်း၏နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း NHK သတင်းဌာနက ဇူလိုင် ၉ ရက် (ယနေ့) မွန်းလွဲပိုင်းတွင် ထုတ်လွှင့်ခဲ့သည်။
၎င်းသည် ဂျပန်နိုင်ငံအနောက်ပိုင်း၊ နာရာမြို့တွင် မိန့်ခွန်းပြောကြားနေစဉ် ဇူလိုင် ၈ ရက် (ယမန်နေ့)က သေနတ်ဖြင့် ပစ်သတ် ခံခဲ့ရသည်။
အာဘေး၏ ရုပ်ကလပ် တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ဇူလိုင် ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ၊ မိနစ် ၃၀ တွင် တိုကျိုမြို့၊ ရှီဘူယာခရိုင်ရှိ နေအိမ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရှင်ဇိုအာဘေးကို လုပ်ကြံသူကို ဖမ်းဆီးနေစဉ် (AP)
အာဘေးသည် တိုက်ခိုက်ခံရပြီးနောက် နာရာခရိုင်ရှိ ဆေးရုံတွင် အရေးပေါ် ကုသမှု ခံယူခဲ့သော်လည်း ဇူလိုင် ၈ ရက်၊ ညနေ ၅ နာရီတွင် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန် ဆေးရုံပေါ်တွင် ၎င်း၏ဇနီး အကီ၊ ဝန်ကြီးချုပ်ဟောင်း ဆုဂါယိုရှီဟိုက်နှင့် အစိုးရအဖွဲ့ အတွင်းဝန် မက်ဆူနိုဟီရိုကာဇူးတို့လည်း အတူရောက်ရှိနေကြသည်။
ရဲတပ်ဖွဲ့က သေမှုသေခင်း စစ်ချက်ယူပြီးနောက် အာဘေး၏ ရုပ်ကလပ်ကို တင်ဆောင်လာသော မော်တော်ယာဉ်သည် ဇူလိုင် ၉ ရက် (ယနေ့) နံနက် ၆ နာရီ မထိုးမီကပင် ဇနီးဖြစ်သူ လိုက်ပါလျက် ကွယ်လွန်ခဲ့သည့် ဆေးရုံထဲမှ စတင်ထွက်ခွာလာခဲ့ ကြောင်း NHK သတင်းအရ သိရသည်။
Source: NHK
- By CNI
- Category: နိုင်ငံရေး
- Hits: 1738
CNI International News
ကိုလံဘို၊ ဇူလိုင် ၉
ယခုနှစ် စီးပွားရေး အကျပ်အတည်း အကြီးအကျယ် ကြုံတွေ့နေရသော သီရိလင်္ကာနိုင်ငံတွင် ထောင်နှင့်ချီသည့် ဆန္ဒပြသူများ က အင်အားအလုံးအရင်းဖြင့် အစိုးရဆန့်ကျင်ရေး ချီတက်လှုပ်ရှားခဲ့ကြရာ ရဲတပ်ဖွဲ့ အတားအဆီးများကို ဖြတ်ကျော်ပြီး သမ္မတ၏ နေအိမ်နှင့် ရုံးခန်းကို ဝင်ရောက် စီးနင်းခဲ့ကြကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။
သီရိလင်္ကာ အလံများနှင့် ခမောက်များ ကိုင်ဆောင်ထားသည့် ဆန္ဒပြသူအချို့သည် ကိုလံဘိုမြို့တော်ရှိ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ၏ နေအိမ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်ခဲ့သည့် ဗွီဒီယိုဖိုင်ကို ဒေသတွင်း တီဗီသတင်းချန်နယ် NewsFirst က ယနေ့ (ဇူလိုင် ၉ ရက်) ထုတ်လွှင့် ပြသခဲ့သည်။

သမ္မတနှုတ်ထွက်ပေးရေး ဆန္ဒပြသူများနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ့ဆုံ (AP)
သမ္မတအိမ်တော် အတွင်းသို့ ထိုးဖောက် ဝင်ရောက်နေသည့် ဒေါသထွက်နေသော လူအုပ်ကြီးကို တားဆီးရန်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လေထဲသို့ သေနတ်များ ပစ်ဖောက်၍ ခြောက်လှန့်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက် ရေးသားသည်။
အသက် ၇၃ နှစ်အရွယ်ရှိ သမ္မတကို လုံခြုံစိတ်ချရသော အခြားတစ်နေရာသို့ ရွှေ့ပြောင်းထားသော်လည်း ထုတ်ဖော် ကြေညာ ခြင်း မရှိပေ။
စီးပွားရေး အကျပ်အတည်းကို အစိုးရကိုင်တွယ် ဖြေရှင်နေခြင်းအပေါ် မကျေမနပ်မှုများ တိုးပွားနေချိန်၌ ဝန်ကြီးချုပ် ရာနေး ဝီကရီမီဆင်သည် နိုင်ငံရေးပါတီ ခေါင်းဆောင်များကို အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့က မိုးပေါ်ထောင် ပစ်ခတ်စဉ်
ထို့ပြင် လွှတ်တော်ဥက္ကဋ္ဌကိုလည်း ဆင့်ခေါ်ရန် ဝီကရီမီဆင်က တောင်းဆိုခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရ သည်။
လူဦးရေ ၂၂ သန်းရှိသော ကျွန်းနိုင်ငံဖြစ်သည့် သီရိလင်္ကာတွင် ပြည်သူအများစုသည် နိုင်ငံ့ အခြေအနေ ဆုတ်ယုတ် ကျဆင်းခဲ့ ခြင်းအတွက် သမ္မတ ရာဂျာပက်ဆာကို အပြစ်တင် နေခဲ့ကြသည်။
ပြီးခဲ့သည့် မတ်လမှစ၍ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး သမ္မတကို ရာထူးမှ နုတ်ထွက်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ကြသည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1175
CNI International News
တိုကျို၊ ဇူလိုင် ၉
ဂျပန်နိုင်ငံအနောက်ပိုင်း နာရာမြို့တွင် ဇူလိုင် ၈ ရက် (ယမန်နေ့)က ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ပစ်ခတ် လုပ်ကြံခံရပြီးနောက် ၎င်းခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့က ဝန်ကြီးချုပ်ဟောင်း လာရောက်ဟောပြောစဉ်ကာလ လုံခြုံရေးအစီအမံများကို ပြန်လည်သုံးသပ်နေကြောင်း NHK သတင်းအရ သိရသည်။
ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးနေစဉ် လူစုလူဝေးအတွင်း စကားပြောနေသော အာဘေးကို ပစ်သတ်ခဲ့သူ အသက် ၄၁ နှစ်အရွယ်ရှိ ယာမာဂါမီတက်စုယာသည် အခင်းဖြစ်ပွားရာ၌ပင် ချက်ချင်းဖမ်းဆီးခြင်းခံခဲ့ရသည်။
ဇူလိုင် ၈ ရက် ညနေပိုင်း ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် နာရာခရိုင်ရဲတပ်ဖွဲ့က အဖွဲ့ဝင် ၉၀ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး ယခုအာဘေး၏ဖြစ်စဉ်ကို လူသတ်မှုတစ်ခုအဖြစ် စုံစမ်းသွားမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
နာရာမြို့သို့ အာဘေးလာရောက်ခဲ့ခြင်းအား မိမိတို့သိရှိသော်လည်း လိုအပ်သည့် လုံခြုံရေးအစီအမံများ ပြင်ဆင် ထားရန် အချိန်လုံလုံလောက်လောက် မရခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
သံသယရှိသူ ယာမာဂါမီတက်စုယာသည် အာဘေးကို ပစ်သတ်မိခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း အာဘေးနှင့်ပတ်သက်သည်ဟု ၎င်းယုံကြည်သောအဖွဲ့အစည်းအချို့အပေါ် အာဃာတရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယာမာဂါမီတက်စုယာ၏မိခင်ဖြစ်သူဟာ အဖွဲ့အစည်းတစ်ခုတွင် ထဲထဲဝင်ဝင် လှုပ်ရှားနေပြီး မိသားစုအတွင်း ပြဿနာကြီးထွားစေသည့် ငွေကြေးအမြောက်အမြား လှူဒါန်းမှုရှိခဲ့သည်ဟုလည်း ယာမာဂါမီတက်စုယာက ထွက်ဆိုခဲ့သည်။
နာရာမြို့သို့ အာဘေးရောက်ရှိလာကြောင်း ၎င်းက အင်တာနက်ပေါ်မှ သိရှိခဲ့ပြီးနောက် အခင်းဖြစ်ပွားရာသို့ မီးရထားဖြင့် လာခဲ့ကြောင်း ၎င်းထွက်ဆိုချက်ကို ရဲတပ်ဖွဲ့က ကိုးကားပြောကြားခဲ့သည်။
အာဘေးကို ပစ်ခတ်ရန်အတွက် သုံးခဲ့သည့် လက်လုပ်သေနတ်သည် အရှည် စင်တီမီတာ ၄၀ ရှိကြောင်း ရဲက ဆက်လက်ပြောကြားခဲ့သည်။
၎င်း၏နေအိမ်ကို ရဲက စီးနင်းရှာဖွေခဲ့ရာ လက်လုပ်သတ္တုနှင့် သစ်သားသေနတ်အများအပြားကို သိမ်းဆည်း ရမိခဲ့သည်။ ထို့ပြင် လွယ်အိတ်၊ စမတ်ဖုန်း၊ ပိုက်ဆံအိတ်အပါအဝင် ၎င်း၏ပစ္စည်းများကိုလည်း သိမ်းဆည်း သွားခဲ့သည်။ ၎င်းသည် သတ်ဖြတ်ရာတွင် သုံးမည့်သေနတ်ကို ရေတပ်သုံး အပြာရောင်အိတ်တစ်လုံးထဲ ထည့်သွင်းယူဆောင်လာကြောင်း ရဲက ယုံကြည်ထားသည်။
ယာမာဂါမီတက်စုယာသည် ၂၀၀၅ ခုနှစ်အထိ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့တွင် ၃ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေကြောင်း ရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်ကို NHK က ရေးသားဖော်ပြထားသည်။
Source: NHK
- By CNI News
- Category: နိုင်ငံရေး
- Hits: 1054
CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၉
ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရသည့် နေရာသို့ ဂျပန်ပြည်သူများ လာရောက်၍ ဝမ်းနည်းခြင်း ပန်းများ ချကာ ဂါဝရပြုကြသည်။
ရှင်ဇိုအာဘေးသည် ဂျပန်နိုင်ငံ၊ နာရာမြို့မှာ အထက်လွှတ်တော်ရွေးကောက်ပွဲအတွက် ဇူလိုင် ၈ ရက်က မဲဆွယ် စည်းရုံးရေး ဟောပြောနေစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
ထို့နောက် ရှင်ဇိုအာဘေးကို လုပ်ကြံသတ်ဖြတ်သူဟု သံသယရှိသူ ယာမာဂမီ တက်ဆူယ (Yamagami Tetsuya)ကို လုံခြုံရေးအဖွဲ့များက ဖမ်းဆီးကာ စစ်ဆေးလျက်ရှိနေသည်။
ယာမာဂမီ တက်ဆူယ (Yamagami Tetsuya)ကလည်း ၎င်းပစ်ခတ်လုပ်ကြံခဲ့ခြင်းကို ဝန်ခံခဲ့သည်။ ယာမာဂမီ တက်ဆူယ (Yamagami Tetsuya)သည် ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွင် ၂၀၀၅ ခုနှစ်အထိ သုံးနှစ် ဝန်းကျင် တာဝန်ထမ်းောဆင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2320
CNI International News
ဂျကာတာ၊ ဇူလိုင် ၉
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် တင်းမာသောရန်လိုမှုများ အနည်းဆုံးဖြစ်စေရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ဇူလိုင် ၉ ရက်(ယနေ့)တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်တွေ့ဆုံခဲ့ကြောင်း၊ ဝါရှင်တန်နှင့်ဘေဂျင်းတို့အကြား မကြာသေးမီက ဆက်ဆံရေးကို အဓိပ္ပါယ်ဖွင့်ဆိုရန် ယခုကဲ့သို့ တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ဘလင်ကင်နှင့် ဝမ်ယိတို့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီအပန်းဖြေစခန်းတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
ချမ်းသာ၊ဖွံ့ဖြိုးပြီးသော နိုင်ငံ ၂၀ (G-20) သံတမန်များသည် ဘာလီတွင် အစည်းအဝေးကျင်းပလျက် ယူကရိန်း စစ်ပွဲနှင့်ပတ်သက်၍ ရုရှားသဘောတူညီချက်နှင့်သက်ရောက်မှုများကို မည်သို့ကိုင်တွယ်ဖြေရှင်းကြမည်ကို ဆွေးနွေးအဖြေရှာကြပြီး နောက်တစ်ရက်၌ ယင်းအစည်းအဝေး၏ပြင်ပတွင် ဘလင်ကင်နှင့်ဝမ်ယိတို့ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
၎င်းတို့သည် ထိုင်ဝမ်သို့ အခွန်အကောက်ကိစ္စများ၊ ကုန်သွယ်ရေး၊ လူ့အခွင့်အရေးနှင့် တောင်တရုတ် ပင်လယ် အငြင်းပွားမှုများကို ဆွေးနွေးခဲ့ကြသည်။ မကြာသေးမီရက်ပိုင်းကလည်း တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံထိပ်တန်း စစ်ဘက်အရာရှိများသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အွန်လိုင်းဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။
“အမေရိကန်နဲ့တရုတ်ကြားမှာ ရှုပ်ထွေးပြီး အကျိုးဆက်အနေနဲ့ ဆက်ဆံရေးကိစ္စ ပြောစရာအများကြီးရှိပါတယ်။ အကျိုးရှိရှိနဲ့ အပြုသဘောဆောင်ပြီး စကားပြောနိုင်ကြဖို့ ကျနော် အင်မတန်မျှော်လင့်ပါတယ်” ဟု ၎င်းတို့နှစ်ဦး တံခါးပိတ်တွေ့ဆုံဆွေးနွေးရေး မစတင်မီ ဘလင်ကင်က ပြောကြားခဲ့သည်။
ဝမ်ယိကလည်း “နှစ်နိုင်ငံ ပုံမှန်အားဖြင့် အမြင်ချင်းဖလှယ်တာမျိုး ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဒီလိုဆက်ဆံရေးဟာ လမ်းကြောင်းမှန်ပေါ်ကို ဆက်လက်တက်လှမ်းနိုင်စေဖို့ အတူလက်တွဲလုပ်ဆောင်ကြရေး ရည်ရွယ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနှင့် သူနိုင်-ကိုယ်နိုင်ပူးပေါင်းဆောင်ရွက်မှုစသည့် မူများ ဆက်လက်တည်မြဲစေရေး ကတိကဝတ်များကို ဝမ်ယိက ထပ်လောင်းပြောကြားခဲ့သည်။
“နှစ်နိုင်ငံအစိုးရနဲ့ပြည်သူတွေရဲ့အကျိုးစီးပွားကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာအသိုင်းအဝိုင်း ရဲ့ တူညီတဲ့ဆန္ဒတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဝမ်ယိက မှတ်ချက်ချခဲ့သည်။
ဝမ်ယိနှင့် ဘလင်ကင်တို့ တွေ့ဆုံဆွေးနွေးမှုမှ အောင်မြင်မှုတစုံတရာကို မျှော်လင့်မထားကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။ သို့သော် ယခုတွေ့ဆုံမှုရလဒ်သည် ဆက်သွယ်ရေးလမ်းကြောင်းများ ဖွင့်ထားကြရန်နှင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနှစ်နိုင်ငံ၏ အရံလမ်းကြောင်းများ ဖန်တီးရေး အထောက် အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားခဲ့ကြသည်။
အကြောင်းမှာ အဆိုပါ နှစ်နိုင်ငံ တို့သည် ပိုမိုရှုပ်ထွေးပြီး ပေါက်ကွဲထွက်စေမည့်ကိစ္စများကို ထိတွေ့ဆွေးနွေးမိလျှင် မလိုလားသည်များ ပေါ်ပေါက် နိုင်ခြေရှိ၍ဖြစ်ကြောင်း အေပီသတင်းတွင် ဆက်လက်ရေးသားထားသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1271
CNI International News
မော်စကို၊ ဇူလိုင် ၉
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ၌ ရုရှားစစ်ရေးအရှိန် နှေးသွားစေဖို့ ယူကရိန်းက ၎င်း၏မဟာမိတ်နိုင်ငံများထံမှ လက်နက်များများစားစား တောင်းခံနေချိန်၌ ယင်းသို့ကျူးကျော်မှုကို ဆန့်ကျင်၍ ဒဏ်ခတ်ပိတ်ဆို့ကြသော အနောက်နိုင်ငံ များကို အကျိုးဆက်များ ပိုဆိုးလာမည်ဟု ရုရှားက သတိပေးနေသည်ဟု အယ်လ်ဂျာဇီးယားမှ ရေးသားဖော်ပြသည်။
ကရင်မလင် သမ္မတနန်းတော်သည် အပေးအယူလုပ်ရန် စိတ်ကူးမရှိကြောင်း အချက်ပြသည့်အနေဖြင့် “ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လုပ်နေတာဟာ ကမ္ဘာတဝန်း စွမ်းအင်ဈေးတွေ ပိုတက်လာစေမယ့် အန္တရာယ်ရှိနေတယ်” ဟု သမ္မတ ပူတင်က ဇူလိုင် ၈ ရက်တွင် သတိပေးခဲ့သည်။
ရုရှား၏ ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံရာ၌ ပူတင်က “ရုရှား၏ စွမ်းအင်အပေါ် မှီခိုနေရမှုကို လျှော့ချဖို့ အနောက်အုပ်စုနိုင်ငံများက တောင်းဆိုခဲ့တာကြောင့် ကမ္ဘာ့ဈေးကွက်ထဲမှာ ရေနံနဲ့ဓာတ်ငွေ့ဈေး ခေါင်ခိုက်အောင် တက်သွားခဲ့ကြောင်း” ပြောကြားခဲ့သည်။
ဖွံ့ဖြိုးပြီး ၇ နိုင်ငံမှ ခေါင်းဆောင်များသည် ရေနံ အပါအဝင် ရုရှားရုပ်ကြွင်းလောင်စာကို ဈေးသက်သာစွာရရန် လိုလားကြောင်း ယခင်လတွင် ပြောကြားခဲ့သော်လည်း ရုရှားဓာတ်ငွေ့ကိုမူ ဖြတ်တောက်လိုကြောင်း ဥရောပမှ ဝယ်ယူသူများက ထုတ်ဖော် ပြောကြားခဲ့ကြသည်။

ယူကရိန်းစစ်ပွဲအတွင်းက ရုရှားတွေ ထိန်းချုပ်မှု
“ရုရှားအပေါ် ပိတ်ဆို့အရေးယူတာတွေက အဲဒါချမှတ်တဲ့အတွက် နိုင်ငံတွေကို ပိုပြီး ထိခိုက်စေတာဗျ” ဟု ပူတင်က ရိုနက်ဖ် (Rosneft) အမှုဆောင်အရာရှိချုပ် အီဂေါစီချင် (Igor Sechin) နှင့် ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက် (Alexander Novak) အပါအဝင် စက်မှုလုပ်ငန်းများ တာဝန်ရှိသူများကို ပြောကြားခဲ့သည်။
“ပိတ်ဆို့အရေးယူမှုကို ထပ်ပြီးသုံးတာဟာ တကမ္ဘာလုံး စွမ်းအင်ဈေးကွက်ထဲမှာ ဆိုးရွားတဲ့ အကျိုးဆက်တွေ အပြင်းအထန် ဖြစ်ပေါ်စေတယ်” ဟု ပူတင်က ဆက်လက် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၄ ရက်၌ ယူကရိန်းသို့ ပူတင် ကျူးကျော်ခြင်းနှင့် ခေတ်သစ်သမိုင်းတွင် အနောက်အုပ်စု၏ အပြင်းထန်ဆုံး ဒဏ် ခတ် ပိတ်ဆို့မှုများသည် စွမ်းအင်နှင့် ကုန်စည်ဈေးကွက်၏ အယူအဆကို များစွာ ထိခိုက်စေခဲ့သည်။
၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကျပြီးနောက်ပိုင်း အကြီးမားဆုံး ပထဝီဝင်နိုင်ငံရေး အကျပ်အတည်းနှင့် ရုရှားအပေါ် စီးပွားရေး စိန်ခေါ်မှု ပြင်းထန်နေချိန်၌ စစ်ပွဲတစ်ခုကို အသက် ၆၉ နှစ်ရှိ ကရင်မလင် အကြီးအကဲ ပူတင်က ကျောခိုင်းရန် ဆန္ဒ မရှိကြောင်း ထပ်ခါတလဲလဲ အချက်ပြနေခဲ့သည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1231
CNI International News
ဂျကာတာ၊ ဇူလိုင် ၉
ယူကရိန်းငြိမ်းချမ်းရေး ကြိုးပမ်းမှုအားလုံးကို တရုတ်က ထောက်ခံကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ (Wang Yi)က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ (Sergei Lavrov) နှင့် G-20 အစည်းအဝေး၏ ပြင်ပတွင် တွေ့ဆုံ ဆွေးနွေးစဉ် ပြောကြားခဲ့သည်။
လက်ရှိတွင် G-20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပနေသည်။
ထိုသို့တွေ့ဆုံရာ၌ လာဗရော့က ရုရှား-ယူကရိန်း အခြေအနေ၊ ရုရှား၏ ရပ်တည်ချက်နှင့် အဆိုပြုချက်များကို ထုတ်ဖော် ပြောကြားခဲ့သည်။
ထို့နောက် ဝမ်ယိက တရုတ်နိုင်ငံ၏ ရည်မှန်းချက်နှင့် တရားမျှတသော ရပ်တည်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားရန် အလေး ပေး ပြောကြားခဲ့ပြီး အခြေအနေ တိုးတက်လာစေရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး မြှင့်တင်နိုင်ရန် အာရုံစိုက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ယခု အကျပ်အတည်းကို ငြိမ်းချမ်းရေး ဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းမှုအားလုံးကို တရုတ်နိုင်ငံက အားပေးထောက်ခံ သွားမည်ဖြစ်ကြောင်း ဝမ်ယိက ဆက်လက် ပြောကြားခဲ့သည်။
တရုတ်နှင့်ရုရှားတို့သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာမှုနှင့် မဟာဗျူဟာမြောက် သန္နိဋ္ဌာန် ချထားမှုများကို ပြသခဲ့ကြပြီး ကဏ္ဍစုံ တွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဝမ်ယိက ထပ်လောင်း ပြောကြားခဲ့သည်။

ဝမ်ယိ ကိုတွေ့ရစဉ်
တရုတ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၁၄ ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေးတွင် ရုရှား၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှု၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် အများဆန္ဒကို တည်ဆောက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး မြှင့်တင် ရန် ပံ့ပိုးကူညီမှုတို့အတွက် မိမိတို့ ကျေးဇူးတင်ရှိကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
တရုတ်-ရုရှား ဆက်ဆံရေးသည် ပြင်ပမှ ဝင်ရောက်စွက်ခြင်းမရှိဘဲ နှစ်နိုင်ငံကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ဖြင့် ချောမွေ့စွာ တိုးတက်နေကြောင်း၊ နောက်ထပ် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ ရှိကြောင်း၊ နှစ်နိုင်ငံ ပြည်သူ များ အကျိုးအတွက် ရုရှားနှင့် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာ ချဲ့ထွင်သွားရန် အသင့်ရှိကြောင်း ဝမ်ယိက လာဗရော့ကို အသိပေး ပြောကြားခဲ့သည်။
ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွား ပူးတွဲကာကွယ်သွားဖို့လည်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့ သဘောတူခဲ့ကြသည်။
ဝမ်ယိက မိမိတို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တူညီသော ဆန္ဒကို ဖော်ညွှန်းထားပါကြောင်း၊ အနိုင်ကျင့်ခြင်းနှင့် တဖက်သတ် ဝါဒ ကို ဆန့်ကျင်ရန် ရည်မှန်းထားကြောင်း ဆက်လက် ပြောကြားခဲ့သည်။
“လက်ရှိ နိုင်ငံတကာမှာ နိုင်ငံရေးဖြစ်ရပ်မှန်ကို ရင်ဆိုင်ဖို့အတွက် နိုင်ငံတွေအနေနဲ့ အာဏာနိုင်ငံရေးနဲ့ ဖော်ညွှန်းတာကို လိုက်ဖို့ ရွေးချယ်ကြမှာလား၊ ဒါမှမဟုတ် ဝင်ရိုးပေါင်းစုံ ကမ္ဘာဆီကို မြှင့်တင်သွားဖို့ ရွေးချယ်ကြမှာလား၊ ကုလသမဂ္ဂ (UN) နဲ့ နိုင်ငံတကာ စည်းမျဉ်းတွေကို အလေးထားကြမှာလား၊ ဒါမှမဟုတ် လက်တဆုပ်စာ နိုင်ငံတွေက သူတို့ရဲ့စံနှုန်းအတိုင်းပဲ လိုက်ကြမှာလား” ဟု ဝမ်ယိက မေးခွန်းထုတ်ခဲ့သည်။

လာဗရော့ကိုတွေရစဉ်(AP)
“အချိန်တွေ ကြာလာတာနဲ့အမျှ နိုင်ငံတွေက ဒါတွေကို ပိုပြီး ရှင်းလင်းတိကျစွာ မြင်လာကြပြီးတော့ မှန်ကန်တဲ့ ရွေးချယ်မှု တွေ လုပ်လာကြလိမ့်မယ်” ဟု ဝမ်ယိက သူ့အမြင်ကို ချပြခဲ့သည်။
လာဗရော့က “UN ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာစည်းမျဉ်း ဥပဒေများကို ကာကွယ်ရာ၌ ရုရှားနှင့်တရုတ်တို့သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြကြောင်း” ပြောကြားခဲ့သည်။
“ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစပျိုးမှုနှင့် တရုတ်မှ တင်သွင်းသည့် အရေးကြီးသော အယူအဆများကို ရုရှားက ထောက်ခံကြောင်း၊ တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေမည်ဖြစ်ကြောင်း” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ယခုကဲ့သို့ G-20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အောင်မြင်စွာ လက်ခံကျင်းပပေးခဲ့သော အင်ဒိုနီးရှားနိုင်ငံကိုလည်း ပံ့ပိုးကူညီကြရန်နှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ မူဘောင်အတွင်း အားကောင်းလာစေရန် နှစ်ဘက်စလုံးက သဘောတူခဲ့ကြကြောင်း ဆင်ဟွာသတင်းကို ကိုးကားလျက် CGTN ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
Source: cgtn.com
- By CNI News
- Category: နိုင်ငံရေး
- Hits: 1282
- By CNI News
- Category: နိုင်ငံရေး
- Hits: 1677
CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈
ဂျပန်နိုင်ငံ၊ နာရာမြို့မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်နေသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို နာရာမြို့ခံ အမျိုးသားတစ်ဦးက နောက်ကျောကနေ လက်လုပ်သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှု ယနေ့ (ဇူလိုင် ၈ ရက်) ဖြစ်ပွားခဲ့သည်။
အဆိုပါ လုပ်ကြံမှုကြောင့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။ ထို့နောက် ဂျပန်ပြည်သူ များသည် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရသည့် နေရာမှာ ဝမ်းနည်းကြောင်းနှင့် လေးစား ဂါဝရပြုခြင်းများ ပြု လုပ်ခဲ့ကြသည်။
