CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၀

ယူကရိန်းအသင်း ခေါင်းဆောင်ဟောင်း တီမိုချု့ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့အပေါ် နှုတ်ဆိတ်နေတဲ့ အပြင် ရုရှားကလပ် ဇင်းနစ်မှာ ဆက်ပြီး အလုပ်လုပ်နေတဲ့အတွက် ယူကရိန်းဘောလုံးအဖွဲ့ချုပ်က အပြစ်ပေးဖို့ စီစဉ်နေတယ် လို့ metro သတင်းမှာ ဖော်ပြထားပါတယ်။

တီမိုချု့ဟာ ယူကရိန်းလက်ရွေးစင် အသင်းအတွက် ၁၄၄ ပွဲ ကစားထားပြီး ပွဲအများဆုံး ကစားထားတဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၆ မှာ အနားမယူခင် လက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ် (၄)နှစ်ကြာ တာဝန်ယူခဲ့တာပါ။

အသက်(၄၂)နှစ် အရွယ်ရှိပြီဖြစ်တဲ့ တီမိုချု့ဟာ ဇင်းနစ်အသင်းကို လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ ယူကရိန်းနိုင်ငံဟာ ပဋိပက္ခဖြစ်နေပေမယ့် တီမိုချု့ဟာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်ကြောင်း မပြောသေးတဲ့ အတွက် ကြီးမားတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ပြီးခဲ့တဲ့ အပတ်က အတ္တလန္တာအသင်းရဲ့ ယူကရိန်းကစားသမား မာလင်နော့ဗ်စကီးက တီမိုချု့ကို ဝေဖန်ခဲ့ပါတယ်။

နည်းပြ တီမိုချု့ကိုတွေ့ရစဉ်(Getty Images)

“တီမိုချု့ အကြောင်း ကျနော်မသိဘူး။ ခင်ဗျားတို့ သူ့ကို မေးရမှာ။ မှတ်ချက်ပေးဖို့ ခက်ခဲပေမယ့် သူဘာလို့ အဲ့လို မလုပ်တာလဲ ဆိုတာ ထူးဆန်းပါတယ်။ ဒါဟာ မမှန်ကန်ဘူးလို့ ထင်ပါတယ်။ သူဟာ ယူကရိန်းဘောလုံးလောကရဲ့ ဂန္တဝင်တစ်ယောက် ဘယ်တော့မှ မဖြစ်လာဘူးဆိုတာ ရာနှုန်းပြည့် သေချာပါတယ်”လို့ ပြောခဲ့ပါတယ်။

ယူကရိန်းဘောလုံးအဖွဲ့ချုပ်က တီမိုချု့ရဲ့ အပြုအမူဟာ ယူကရိန်းဘောလုံးလောကရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ ကောက် ချက် ချခဲ့ပါတယ်။ ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဟာ တီမိုချု့ ဒီနိုင်ငံမှာ ရရှိခဲ့တဲ့ ယူအီးအက်ဖ်အေ ပရော်ဖက်ရှင်နယ်နည်းပြ လိုင်စင်ကို ဖယ်ရှားပေးဖို့ တောင်းဆိုထားတာပါ။


ယူကရိန်းဘောလုံးအဖွဲ့ချုပ်က ရှက်တာဒိုးနတ် အသင်းနဲ့အတူ တီမိုချု့ရရှိခဲ့တဲ့ လိဂ်ဖလား(၃)ကြိမ်၊ ဖလား(၂)ကြိမ်၊ စူပါဖလား တို့ရရှိခဲ့တာကို ဖယ်ရှားပစ်မယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် တီမိုချု့ လက်ရွေးစင် အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ပွဲအရေအတွက်ကို ဖယ်ရှားပြီး နိုင်ငံက ပေးတဲ့ ဆုတံဆိပ် တွေ အားလုံးကို သိမ်းယူဖို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်က စီစဉ်နေတာ ဖြစ်ပါတယ်။ တီမိုချု့ဟာ ဘိုင်ယန်မြူးနစ် အသင်းမှာ လည်း ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား အပါအဝင် အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro