CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၀

ဂျိုကိုဗစ်ဟာ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ စည်းမျဉ်းတွေကြောင့် အင်ဒီးယန်းဝဲလ် အိုးပန်းပြိုင်ပွဲနဲ့ မီယာမီအိုးပန်း ပြိုင်ပွဲတွေမှာ ပါဝင်ကစားတော့မှာ မဟုတ်ဘူးလို့ အတည်ပြု လိုက်ပါတယ်။

ကာကွယ်ဆေး မထိုးရသေးတဲ့ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ အမေရိကန်နိုင်ငံကို ဝင်ရောက်ခွင့် မရှိတာပါ။ စည်းမျဉ်း တွေအရ အမေရိကန်နိုင်ငံသား မဟုတ်တဲ့သူတိုင်းဟာ နိုင်ငံအတွင်း မဝင်ရောက်ခင် ကာကွယ်ဆေးထိုးထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ အစောပိုင်းတုန်းက ပြိုင်ပွဲ(၂)ခုလုံးအတွက် ပွဲစဉ်ဇယား ရေးဆွဲရာမှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူဟာ ဒီပြိုင်ပွဲတွေမှာ ပါဝင်တော့မှာ မဟုတ်ဘူးလို့ သူ့ရဲ့ လှုမှုကွန်ယက်မှာ အတည်ပြုခဲ့တာပါ။

ဂျိုကိုဗစ်က “BNP ပြိုင်ပွဲနဲ့ မီယာမီ အိုးပန်းတို့မှာ ပါဝင်ဖို့ အလိုအလျောက် စာရင်းသွင်းခံရပေမယ့် အမေရိကန်ကို ဝင်ခွင့် လိုအပ်ချက်တွေကို သိရှိထားတဲ့အတွက် ဒီနေရာကို ခရီးသွားနိုင်မှာ မဟုတ်ဘူးဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် နိုင်ငံ တကာ ကိုဗစ်စည်းမျဉ်းတွေဟာ အမြဲတမ်း ပြောင်းလဲနေတာကြောင့် တစ်ခုခု ပြောင်းလဲသွားမလားဆိုပြီး စောင့်ကြည့်ချင်ခဲ့ ပါတယ်။ ဒါပေမယ့် စည်းမျဉ်းတွေ ပြောင်းလဲခြင်း မရှိကြောင်း သိရှိခဲ့တာကြောင့် အမေရိကန်မှာ ကစားလို့ရမှာ မဟုတ်တော့ ဘူး”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ဂျိုကိုဗစ်ကို တွေ့ရစဉ် (Sky Sports)

ဂျိုကိုဗစ်ဟာ ကာကွယ်ဆေး မထိုးရသေးဘဲ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ သြစတြေးလျအိုးပန်းပြိုင်ပွဲကို ဆေးဘက်ဆိုင်ရာ ကင်းလွတ်ခွင့်နဲ့ သွားရောက်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ဗီဇာဟာ နှစ်ကြိမ်တိုင်တိုင် ရုပ်သိမ်းခံခဲ့ရပြီး သြစတြေးလျကနေ ပြည်နှင်ဒဏ် ပေးခံခဲ့ရတာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ ကာကွယ်ဆေး ထိုးတာထက် ဆုဖလားတွေကိုပဲ လက်လွှတ်ခံသွားမယ်လို့ ပြီးခဲ့တဲ့လက ထုတ်ဖော် ပြောကြား ထားတာပါ။

ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့ နှစ်ပတ်က ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲကို အခုနှစ်ရာသီ ပထမဆုံး ပွဲစဉ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် အရေးနိမ့်ခဲ့တာကြောင့် သူ့ရဲ့ ကမ္ဘာ့နံပတ်(၁) နေရာကို မက်ဗီးဒပ်ဗ်ကို လွှဲပြောင်း ပေးခဲ့ရတာပါ။

ဂျိုကိုဗစ် အနေနဲ့ ဧပြီလမှာ ကျင်းပမယ့် မွန်တီကာလို မာစတာပြိုင်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

Source: Metro