CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၃

ဘေဂျင်းမှာ ကျင်းပမယ့် ၂၀၂၂ ဆောင်းရာသီ မသန်စွမ်း အားကစားပြိုင်ပွဲမှာ ရုရှားနဲ့ဘယ်လာရုစ်နိုင်ငံက အားကစားသမား တွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုဘူးလို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါ နိုင်ငံက အားကစားသမားတွေကို ကြားနေအဖြစ် ယှဉ်ပြိုင်ဖို့ ကနဦး ခွင့်ပြုခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်း အားကစားကော်မတီဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဆောင်းရာသီ မသန်စွမ်း အားကစားပြိုင်ပွဲကို စနေနေ့မှာ စတင်မှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို သောကြာနေ့မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်း အားကစားကော်မတီဥက္ကဋ္ဌ အန်ဒရူးပါဆန်စ်က “အားကစားနဲ့ နိုင်ငံရေး ရောထွေးမနေသင့် ဘူးဆိုတာကို ကျနော်တို့ဟာ အလွန်ခိုင်မာတဲ့ ယုံကြည်သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ပွဲက သူ့ဘာသာသူ အပြစ်မတင်ဘဲ အခု ဒီအားကစားပွဲတွေကို ရောက်နေပါပြီ။ နောက်ကွယ်မှာ အစိုးရအများအပြားဟာ ကျနော်တို့ မြတ်နိုးရတဲ့ ဖြစ်ရပ်တွေ အပေါ်မှာ သြဇာလွှမ်းမိုးမှုတွေ ရှိနေပါတယ်။ အားကစားသမားတွေရဲ့ လုံခြုံရေးနဲ့ လုံခြုံမှုကို အာမခံတာက ကျနော်တို့ အတွက် အရေးကြီးဆုံးပါ”လို့ ပြောခဲ့တာပါ။

 ဘေဂျင်း ဆောင်းရာသီ မသန်စွမ်းပြိုင်ပွဲ (Yahoo News)

ရုရှားနဲ့ ဘယ်လာရုစ်တို့ကို ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုခဲ့မယ်ဆိုရင် အဖွဲ့ဝင် အရေအတွက် အများအပြားက ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးဆိုပြီး သူတို့နဲ့ စကားပြောခဲ့ကြောင်းလည်း အန်ဒရူးပါဆန်က ပြောခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ရုရှားနဲ့ဘယ်လာရုစ်တို့ကို ချက်ခြင်း ပိတ်ပင်ခြင်း မပြုတဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေးပုဂ္ဂိုလ် အများ အပြားက အပြည်ပြည်ဆိုင်ရာ မသန်စွမ်း အားကစားကော်မတီကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်း အားကစားကော်မတီက သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းတဲ့ ကြေညာချက်ကို ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကို အားလုံးက ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အန်ဒရူးပါဆန်က “အိုလံပစ် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့ ခင်ဗျားတို့ အစိုးရရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ခင်ဗျားတို့ကို ထိခိုက်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး”လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ကတည်းက ယူကရိန်းကို ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ယူကရိန်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

Source: BBC