CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၃

ယူကရိန်းတင်းနစ် အကျော်အမော် ဆဗီတိုလီနာက မွန်တာရေးအိုးပန်းမှာ သူမအနိုင်ရတဲ့ ဆုကြေးငွေအားလုံးကို ယူကရိန်းစစ်တပ်ထံ လှူဒါန်းသွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ကမ္ဘာ့အဆင့်(၁၅)မှာ ရပ်တည်နေတဲ့ ဆဗီတိုလီနာဟာ ယူကရိန်းကိုယ်စားပြု အဝါရောင်နဲ့ အပြာရောင်ကို ဝတ်ဆင်ပြီး ရုရှားတင်းနစ်မယ် ပိုတာပိုဗာကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဆဗီတိုလီနာဟာ ရုရှားတင်းနစ်မယ်ကို (၆-၂)၊ (၆-၁)နဲ့ အနိုင်ရခဲ့ပြီး မွန်တာရေးအိုးပန်းပြိုင်ပွဲရဲ့ ဒုတိယအဆင့်ကို တက်နိုင်ခဲ့ တာပါ။ ရုရှားတင်းနစ်မယ် ပိုတာပိုဗာဟာ နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ်ရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် ဒီပွဲမှာ ရုရှားအလံ ကိုယ်စားပြုပြီး ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။

ဆဗီတိုလီနာဟာ အစောပိုင်းတုန်းက ရုရှား၊ ဘယ်လာရုစ် ကစားသမားတွေနဲ့ WTA ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ငြင်းဆန်ထားတာပါ။ ဒါပေမယ့် ITF၊ WTA နဲ့ ATP တို့က ပူးတွဲစီရင်ချက် ချပြီးနောက်မှာ ဆဗီတိုလီနာက သူမရဲ့ ဆုံးဖြတ်ချက် ကို ပြန်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

ဆဗီတိုလီနာက “ဒီပွဲဟာ ကျမအတွက် အရမ်းထူးခြားတဲ့ ပွဲပါ။ ကျမ ဒီမှာ ရရှိမယ့် ဆုကြေးငွေအားလုံးက ယူကရိန်းစစ်တပ်ဆီ ကို ရောက်ရှိသွားမှာပါ။ ဒါကြောင့် အားလုံးရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျမတိုင်းပြည်အတွက် ကျမ မစ်ရှင်ရှိ ပါတယ်”လို့ ပြောခဲ့ပါတယ်။

ယူကရိန်းတင်းနစ်မယ် ဆဗီတိုလီနာနဲ့ ရုရှားတင်းနစ်မယ် ပိုတာပိုဗာကို တွေ့ရစဉ်(Independent)

ဆဗီတိုလီနာဟာ မွန်တာရေးအိုးပန်းပြိုင်ပွဲရဲ့ ဆီဒင်(၁)အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး ၂၀၂၀ ပြိုင်ပွဲက ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ မွန်တာရေးအိုးပန်းပြိုင်ပွဲ ဒုတိယအဆင့်မှာတော့ ဆဗီတိုလီနာဟာ ဘူလ်ဂေးရီးယား တင်းနစ်မယ် တိုမိုဗာနဲ့ တွေ့ဆုံရာမှာ ဖြစ်ပါတယ်။

ဆဗီတိုလီနာက “ကျမ အလွန်ဝမ်းနည်းနေပေမယ့် ဒီမှာ တင်းနစ်ကစားရတာကို ပျော်ရွှင်ပါတယ်။ ယူကရိန်းကို ပံ့ပိုးပေးနိုင်ဖို့ အတွက် လူတွေကို ဖိတ်ခေါ်ဖို့ ကျမရဲ့ ပလက်ဖောင်းကို အသုံးပြုနိုင်အောင် အကောင်းဆုံး ကြိုးစားနေပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်က ရုရှား အဖြစ်အပျက်တွေကြောင့် ရုရှားတင်းနစ်အဖွဲ့ချုပ်နဲ့ ဘယ်လာရုစ် တင်းနစ်အဖွဲ့ချုပ် ကို နိုင်ငံတကာ အသင်းယှဉ်ပြိုင်တာကို ဆိုင်းငံ့ခဲ့ပါတယ်။

ဒါ့အပြင် ရုရှားနဲ့ ဘယ်လာရုစ်ရှိ နိုင်ငံတကာ တင်းနစ်ပြိုင်ပွဲတွေကို ဖျက်သိမ်းခဲ့ပါတယ်။ WTA နဲ့ ATP ဘုတ်စ် အဖွဲ့တွေက တော့ အောက်တိုဘာလ မော်စကိုမှာ ကျင်းပမယ့် သူတို့ရဲ့ စုပေါင်းပွဲတွေကို ဆိုင်းငံ့ခဲ့ကြပါတယ်။

Source: Edition