CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁

အီတလီလက်ရွေးစင် အသင်းရဲ့ ဝါရင့်ဂိုးသမားကြီး ဘူဖွန်ဟာ ပါးမားအသင်းနဲ့ ၂၀၂၄ အထိ စာချုပ်သက်တမ်း တိုးလိုက်တာ ကြောင့် စာချုပ်ကုန်ဆုံးတဲ့ အချိန်မှာ သူ့ရဲ့အသက်ဟာ (၄၆)နှစ်အရွယ် ရှိမှာလည်း ဖြစ်ပါတယ်။

အီတလီ လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလား ရရှိထားတဲ့ ဘူဖွန်ဟာ ဂျူဗင်တပ်စ် အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ပြီးခဲ့တဲ့ နွေရာသီကမှ ပါးမားအသင်းကို (၂)နှစ် စာချုပ်ချုပ်ဆိုကာ ရောက်ရှိလာခဲ့တာပါ။

ဘူဖွန်ဟာ ဂျူဗင်တပ်စ် အသင်းအတွက် စီးရီးအေ ပြိုင်ပွဲမှာ စံချိန်တင် (၆၅၇)ပွဲ ပါဝင်ကစားကာ စီးရီးအေဖလား (၁၀)ကြိမ် အပါအဝင် ဆုဖလား အများအပြားကို ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဘူဖွန်ဟာ ကစားသမားဘဝကို ပါးမားမှာ စတင်ခဲ့တာဖြစ်ပြီး စီးရီးအေ ပွဲဦးထွက်အဖြစ် ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလမှာ စတင် ကစားခဲ့တာပါ။

ဘူဖွန်ဟာ ၂၀၀၁ ခုနှစ်မှာ ပါးမားကနေ ထွက်ခွာပြီး ဂျူဗင်တပ်စ် အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဘူဖွန်ကိုတွေ့ရစဉ်(SI)

ဘူဖွန်က “ကျနော်နဲ့ ကျနော့် မိသားစုအတွက်တော့ ဒီနေ့ဟာ အံ့သြစရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ မြို့သူမြို့သားတွေနဲ့ ပရိသတ်တွေအားလုံး ပျော်ရွှင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ပါးမားကို ကျနော် ပြန်လာတာဟာ ဆက်ဆံရေးတွေနဲ့ ဆက်စပ် နေပါတယ်။ တကယ်လို့ ဥက္ကဋ္ဌရဲ့ စိတ်ထဲမှာရော ကျနော်တို့ လုပ်ဆောင်နေတာတွေကို မယုံဘူးဆိုရင် ဒီအဆိုပြုချက်တွေကို ကျနော်လက်ခံမှာ မဟုတ်ပါဘူး။ ဒီကလပ်ရဲ့ အနာဂတ်အတွက် ကျနော် အကောင်းမြင်ပါတယ်။ ဒါဟာ ကျနော့်အတွက် လှပ ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုတစ်ခုပါ”လို့ ပြောခဲ့ပါတယ်။

ပါးမား အသင်းဥက္ကဋ္ဌက ဘူဖွန်မှာ ခေါင်းဆောင်မှု အရည်အသွေးတွေအပြင် ကြီးမားတဲ့ လူသား အရည်အသွေးတွေလည်း ရှိတယ်လို့ စာချုပ်သစ်ကို ကြေညာတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဘူဖွန်ဟာ ပါးမားအသင်းအတွက် ဒီရာသီ စီးရီးဘီပြိုင်ပွဲမှာ ပွဲပေါင်း(၂၃)ပွဲ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။ ပါးမား အသင်းဟာ စီးရီးဘီ ပွဲစဉ်(၂၅)ပွဲ ကစားအပြီးမှာ ရမှတ်(၂၉)မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၁၄)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: BBC