CNI International News

၂၀၂၂ ခုနှစ်၊ မတ်လ ၄

ဖော်မြူလာဝမ်းပြိုင်ပွဲဟာ ရုရှားဂရမ်းပရီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားနိုင်ငံအတွင်း ပြိုင်ပွဲတွေကျင်းပဖို့ မဖြစ်နိုင်ဘူးဆိုပြီး အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အခုနှစ် စက်တင်ဘာလ ဆိုချီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ပြိုင်ပွဲကိုလည်း ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ဖော်မြူလာဝမ်း ပိုင်ရှင်တွေက (၂၀၂၃)က စတင်ပြီး စိန့်ပီတာစဘတ်မြို့မှာ ပြောင်းရွှေ့ကျင်းပဖို့ သဘောတူညီမှုူတစ်ခု ရရှိပြီဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လက ကြေညာခဲ့ပါတယ်။
ဒါပေမယ့် ရုရှား က ယူကရိန်းကို ပြုလုပ်ခဲ့တဲ့ အပြုအမူတွေကြောင့် ဒီပြိုင်ပွဲကို ဖျက်သိမ်းဖို့ လှုံဆော်ခံခဲ့ရတာပါ။

ဖော်မြူလာဝမ်းက “ရုရှားဂရမ်းပရီနဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီဆိုတာကို အတည်ပြုနိုင်ပါတယ်။ အဲ့ဒါကြောင့် ရုရှားဟာ အနာဂတ်မှာ ပြိုင်ပွဲရှိလာမှာ မဟုတ်တော့ပါဘူး”လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်ကလည်း ရုရှားလိုင်စင်ရတဲ့ ကားမောင်းသမားတွေကို သူတို့နိုင်ငံမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာပါ။ အဲ့ဒါကြောင့် ရုရှား ကားမောင်းသမား မာဇီပင်ဟာ ဇူလိုင်လမှာ ကျင်းပမယ့် ဗြိတိန်ဂရမ်းပရီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိတော့မှာ မဟုတ်ပါဘူး။

ပူတင်နဲ့ ရုရှားဂရမ်းပရီတို့ စာချုပ်ဖျက်သိမ်း(The Drive)

ဖော်မြူလာဝမ်းပြိုင်ပွဲဝင် Hass ကလည်း ပြီးခဲ့တဲ့အပတ်က ဘာစီလိုနာမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မောင်းနှင်မှု နောက်ဆုံးနေ့မှာ ရုရှားဓာတ်မြေသြဇာကုမ္ပဏီရဲ့ အမှတ်တံဆိပ်ကို ဖယ်ရှားခဲ့တာပါ။ ဖော်မြူလာဝမ်း ပြိုင်ပွဲရဲ့ အုပ်ချုပ်ရေးအဖွဲ့ FIA ကတော့ ကြားနေ အလံအောက်မှာသာ ရုရှားကားမောင်းသမားတွေကို ဆက်လက်ယှဉ်ပြိုင်ခွင့်ပြုမှာ ဖြစ်တယ်လို့ ပြောထားခဲ့တာ ဖြစ် ပါတယ်။

ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ အကြီးအကဲဟောင်း အက်ကလက်စတုန်းဟာ ရုရှားသမ္မတ ပူတင်နဲ့ အကျိုးအမြတ် အများအပြား ရမယ့် သဘောတူညီချက်ကို လတ်မှတ်ရေးထိုးခဲ့ပြီးနောက် ရုရှားဂရမ်းပရီပြိုင်ပွဲကို (၂၀၁၄) ပြက္ခဒိန်မှာ စတင် ထည့်သွင်းခဲ့ တာ ဖြစ်ပါတယ်။

အခုနှစ်ရာသီ ဖော်မြူလာဝမ်းပြိုင်ပွဲကို မတ်လ(၂၀)ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကတော့ ရက်ဘူးလ် ကားမောင်းသမား ဗာစတန်ပန် ဖြစ်ပါတယ်။

Source: Metro