CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
ဘန်လေအသင်းကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ ကွန်တီက သူဟာ စပါးအသင်းကို ကိုင်တွယ်ဖို့ မှန်ကန်တဲ့သူ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ စပါးအသင်းဟာ ဘန်လေအသင်းကို ဘန်မီးရဲ့ သွင်းဂိုးကြောင့် ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
လန်ဒန်ကလပ်ဟာ ဒီပွဲရှုံးခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲမှာ မန်စီးတီး အသင်းကို အနိုင်ရတဲ့ ပွဲက လွဲပြီး ကျန်(၄)ပွဲလုံး အရေးနိမ့်ခဲ့တာပါ။ ကွန်တီဟာ ဒီပွဲအပြီးမှာ အလွန်စိတ်ပျက်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။
ကွန်တီက “ကလပ်အသင်းကို ကူညီဖို့ ဒီကိုလာခဲ့တာပါ။ ဒါပေမယ့် ပြဿနာက နည်းပြ ဖြစ်နေတယ်ဆိုရင် ကျနော်ထွက်ခွာ သွားဖို့ အဆင်သင့်ပါပဲ။ ပြဿနာမရှိပါဘူး”လို့ ပြောခဲ့ပါတယ်။
ကွန်တီဟာ ပွဲအပြီးအင်တာဗျူးမှာလည်း ဒီပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောဖို့ ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ လက်ရှိ အခြေအနေအကြောင်းကိုပဲ အဓိကထား ပြောခဲ့တာပါ။
စပါးအသင်းကစားသမားများကိုတွေ့ရစဉ်(Evening Standard)
ကွန်တီက “အရာရာတိုင်းကို ကြိုးစားနေပေမယ့် အခြေအနေက မပြောင်းလဲပါဘူး။ ကျနော် အသင်းကို ကူညီချင်လို့ အလုပ် တွေ အများကြီးကို ကြိုးစားပြီးလုပ်နေ ပါတယ်။ စပါးအတွက် တစ်နေ့ကို အချိန် နာရီ (၂၀)ပေးထားပြီး အိပ်ချိန်(၄)နာရီပဲ ရှိပေမယ့် ဒါက မလုံလောက်ပါဘူး။ အခုအခြေအနေတွေက လက်ခံနိုင်စရာ မရှိပါဘူး။ မျက်စိကို မှိတ်ပြီး ဒီပုံစံအတိုင်းပဲ ဆက်သွားဖို့ဆိုတာ ရိုးလွန်းပါတယ်။ သေချာတာကတော့ ကျနော်တို့ ကလပ်နဲ့စကားပြောပြီး ကြိုးစားဖို့လိုပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ကွန်တီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကမှ နူနိုရဲ့ နေရာမှာ နည်းပြသစ်အဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့တာပါ။ အီတလီလူမျိုး နည်းပြ ကွန်တီဟာ အသင်းကို (၂၂)ပွဲ ကိုင်တွယ်ထားတာဖြစ်ပြီး လက်ရှိအသင်းရဲ့ အခြေအနေပေါ် စိတ်ပျက်နေတာ ဖြစ်ပါ တယ်။
စပါး အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ လက်ကျန်(၂)ပွဲ ကျန်ရှိနေပေမယ့် ရလဒ်တွေ ဆိုးရွားနေတာကြောင့် အဆင့် (၄) နေရာက မန်ချက်စတာယူနိုက်တက် အသင်းနဲ့ (၇)မှတ်အကွာ အဆင့်(၈)နေရာမှာ ရပ်တည်နေတာပါ။
စပါးအသင်းဟာ အခုအပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လာမယ့်အပတ်မှာတော့ အက်ဖ်အေဖလားပွဲစဉ်အဖြစ် မယ်ဒယ်ဘရော့အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC