CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတွေ ပြုလုပ်ပြီးနောက် ဖေဖော်ဝါရီ ၂၅ ရက်က ကစားခဲ့တဲ့ ဥရောပ ဘောလုံး ပြိုင်ပွဲတွေမှာ ကလပ်အသင်းတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေကတော့ ယူကရိန်းကို ထောက်ခံကြောင်း ပြသခဲ့ကြပါ တယ်။

အတ္တလန္တာ အသင်းက အိုလံပီယာကို့စ် အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်(၃၂)သင်း အဆင့် ပွဲစဉ်မှာ ယူကရိန်း လက်ရွေးစင် ကစားသမား မာလင်နော့ဗ်စကီးက (၂)ဂိုး သွင်းယူခဲ့ပါတယ်။ မာလင်နောဗ့်စကီးဟာ ဂိုးသွင်းယူအပြီးမှာ သူ့ရဲ့ ဂျာစီကိုလှန်ပြီး ယူကရိန်းမှာ စစ်ပွဲအလိုမရှိဆိုတဲ့ စာသား ရေးသားထားတာကို ပြသခဲ့ပါတယ်။

ဆီဗီးလ်မှာ ကစားခဲ့တဲ့ ဘတ်တစ်နဲ့ ရုရှားကလပ် ဇင်းနစ်တို့ပွဲစဉ်မှာ အိမ်ကွင်း ပရိသတ်တွေဟာ ယူကရိန်းအလံကို ကိုင် ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဇင်းနစ်အသင်း နာကျင်အချိန်ပိုမှာ သွင်းယူတဲ့ ဂိုးကို ခွင့်မပြုခဲ့တာကြောင့် ဘတ်တစ် အသင်း နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့် တက်နိုင်ခဲ့တာပါ။

ယူကရိန်းနောက်ခံလူ ဇင်ချန်ကိုကလည်း မန်ချက်စတာမှာ ပြုလုပ်တဲ့ ယူကရိန်းထောက်ခံပွဲမှာ ပါဝင်ခဲ့ပါတယ်။

ယူကရိန်းနောက်ခံလူ ဇင်ချန်ကို မန်ချက်စတာမှာပြုလုပ်တဲ့ ယူကရိန်းစစ်ပွဲ ရပ်တန့်ရေးတောင်းဆိုပွဲမှာပါ၀င်ခဲ့(X99News)

နာပိုလီ အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာလည်း ပွဲမစခင်မှာ နှစ်ဖက်အသင်း ကစားသမားတွေဟာ စစ်ပွဲရပ်ဆိုတဲ့ စာတန်းရဲ့ အနောက်မှာ ရပ်နေခဲ့ကြပါတယ်။

ဆီဗီလာ အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက် ပရိသတ်တွေက ယူကရိန်းပြည်သူတွေကို ပံ့ပိုးကူညီပါဆိုတဲ့ စာတန်းကို ကိုင်ဆောင်ခဲ့ကြတာပါ။ နော်ဝေကလပ် ဘိုဒိုဂီလင့်မ် ပရိသတ်တွေကလည်း ယူကရိန်းအလံကို ကိုင်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆလားဗီးယား ပါရာဂူး ကစားသမားတွေဟာ ဖီနာဘာချီ အသင်းနဲ့ ပွဲမစတင်ခင်မှာ ယူကရိန်းနဲ့အတူ ရှိနေတယ်ဆိုတဲ့ စာသား ကို ရေးသားထားတဲ့ ယူကရိန်း တီရှပ်တွေကို ဝတ်ဆင်ခဲ့ကြပါတယ်။ ဒါ့အပြင် ပိုလန်၊ ဆွီဒင်နဲ့ ချက် (၃)နိုင်ငံတို့ကလည်း ရုရှား နိုင်ငံမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့်ပွဲစဉ်တွေကို ပါဝင်ကစားမှာ မဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန် ထားခဲ့တာ ဖြစ်ပါတယ်။

Source: BBC