CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

ဗြိတိန်အလုပ်သမား ပါလီမန်အမတ်ဖြစ်တဲ့ ခရစ္စဘရိုင်ယန့် က ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျုးကျော် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ချယ်လ်ဆီး အသင်းအပါအဝင် ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှု တွေကို သိမ်းဆည်းဖို့ ပြောဆိုလိုက်ပါတယ်။

ခရစ္စဘရိုင်ယန့် က အေဘရာမိုဗစ်ချ် ရဲ့ ပေါင်(၁၅၂)သန်းတန် အိမ်ကို သိမ်းယူသင့်သလားဆိုပြီး မေးခွန်း ထုတ်ခဲ့တာပါ။ ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ် ဟာ ဗြိတိန်မှာ အခြားပိုင်ဆိုင်မှုတွေလည်း ရှိသေးတဲ့အပြင် ရုရှားသမ္မတ ပူတင်နဲ့လည်း အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိနေတာပါ။ အေဘရာမိုဗစ်ချ် ဟာ ချယ်လ်ဆီး အသင်းကို (၂၀၀၃)ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ လက်ထက်မှာ ချယ်လ်ဆီး အသင်းဟာ ဥရောပမှာ အအောင်မြင်ဆုံးအသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။

ချယ်လ်ဆီး အသင်းဟာ ချန်ပီယံလိဂ်နှစ်ကြိမ်အပါအဝင် ဆုဖလားအများအပြားကို ရယူထားတာဖြစ်ပါတယ်။ အေဘရာမိုဗစ်ချ် ဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်နေတာ ဒါမှမဟုတ် ဘယ်လို အမှားယွင်းမှာမဆို ပါဝင် ပတ်သက်နေတယ်ဆိုတဲ့ အကြံပြုချက်တွေတော့ မရှိပါဘူး။ ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင် ကတော့ အေဘရာမိုဗစ်ချ် ဟာ ပစ်မှတ်ထားအရေးယူရမယ့်သူမဟုတ်ဘူးလို့လည်း မှတ်ချက်ပြုထားပါတယ်။

ခရစ္စဘရိုင်ယန့် က “သေချာတာကတော့ အေဘရာမိုဗစ်ချ် အနေနဲ့ ဒီနိုင်ငံမှာ ဘောလုံးအသင်းတစ်သင်းကို အခု ထက်ပိုပြီး မပိုင်ဆိုင်သင့်တော့ပါဘူး။ ပေါင်(၁၅၂)သန်းတန် အိမ်အပါအဝင် သူ့ရဲ့ပိုင်ဆိုင်မှုအချို့ကို သိမ်းဆည်း သင့်ပါတယ်။ဒီလို သတ်မှတ်ချက် အဆင့်တစ် ဗီဇာရရှိပြီးတဲ့သူအနေနဲ့ ဗြိတိန်မှာ ဆိုးရွားတဲ့လှုပ်ရှားမှုတွေမှာ မပါဝင်ဖို့ သေချာအောင်ပြုလုပ်စေချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

သတင်းတွေအရ အေဘရာမိုဗစ်ချ်ကို ဗြိတိန်လူဝင်မှုကြီးကြပ်ရေးအဖွဲ့က နိုင်ငံအတွင်း အခြေချခွင့် မပေးတော့ဘူး လို့လည်း သိရပါတယ်။ အေဘရာမိုဗစ်ချ် ဟာ ချယ်လ်ဆီး အသင်း ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုရခဲ့တဲ့ ဗိုလ်လုပွဲ မှာတော့ အသင်းနဲ့အတူ လာရောက်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

Source:Mirror