CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
မန်ချက်စတာယူနိုက်တက် လူငယ်ကစားသမား အီလန်ဂါ ဟာ လိဒ်စ်နဲ့ ပွဲစဉ်မှာ အရာဝထ္ထုတခုနဲ့ ပစ်ပေါက်တာ ခံရပြီးနောက် အက်ဖ်အေက စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ဒီပွဲမှာ မန်ချက်စတာ ယူနိုက် တက် အသင်းက လိဒ်စ် အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ လိဒ်စ်အသင်းတို့ တဖက်(၂)ဂိုးစီ သရေကျနေတဲ့ အချိန်မှာ နည်းပြ ရက်ဂ်နစ် ဟာ ဖရက်ဒ်နဲ့ အီလန်ဂါတို့ကို လူစားထည့်သွင်းခဲ့တာပါ။ဒီအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်း တတိယဂိုး ရသွားခဲ့ပြီး ဖရက်ဒ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကစားသမားတွေဟာ ဒီသွင်းဂိုး ကြောင့် အောင်ပွဲခံနေတဲ့အချိန်မှာ ပွဲကြည့်စင်ပေါ်ကနေ ပစ်လိုက်တဲ့ Vape ပုံသဏ္ဍာန် အရာဝထ္ထု တခုဟာ အီလန်ဂါကို ထိမှန်သွားခဲ့တာပါ။
အီလန်ဂါ ဟာ အဆိုပါပစ်ခဲ့တဲ့အရာ ထိမှန်ခဲ့တာကြောင့် ကွင်းထဲမှာ လဲကျသွားခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ မန် ချက်စတာယူနိုက်တက် ဆေးအဖွဲ့ဟာ ချက်ချင်းပဲ ဝင်ရောက်ကုသခဲ့ပြီး ကစားသမားဟာ ပွဲချိန်ကုန်တဲ့အထိ ဆက် ကစားခွင့်ရခဲ့တာပါ။ အီလန်ဂါ ဟာ မန်ချက်စတာယူနိုက်တက် အသင်းရခဲ့တဲ့ စတုတ္တဂိုးကို သွင်းယူအပြီးမှာတော့ လိဒ်စ် ပရိသတ်တွေကို တိတ်တိတ်နေတဲ့ ပုံစံနဲ့ အောင်ပွဲခံပြခဲ့ပြီး အသင်းရဲ့ လိုဂိုကိုပါ ကိုင်ပြသွားခဲ့တာ ဖြစ်ပါ တယ်။
မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရက်ဂ်နစ်ကလည်း “ကျနော်သိရသလောက်တော့ လိဒ်စ်ယူနိုက်တက် က ဒါကို စုံစမ်းနေတယ်ဆိုတာပါ။ နောက်ဆုံးမှာတော့ ဘာမှမဖြစ်လာဘူးလို့ထင်ပါတယ်။ အီလန်ဂါ ကို ကြည့်ရ တာ ကောင်းပြီး သူလည်းဂိုးသွင်းနိုင်လို့ ပျော်ရွှင်နေပါတယ်။ ဒီလိုမျိုးအရာတွေက ဒီပွဲမှာ ပိုလို့တောင် မဖြစ်သင့်ဘူး လို့ ကျနော်ထင်ကြောင်း”ပြောခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီ နိုင်ပွဲကြောင့် အမှတ်ပေးဇယားအဆင့်(၄)နေရာမှာ ဆက်လက် ရပ်တည် နေပြီး အဆင့်(၃)နေရာက ချယ်လ်ဆီး အသင်းနဲ့ (၄)မှတ် ကွာဟနေတာပါ။ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ကြားရက်မှာတော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အသလက်တီကို အသင်း အိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
Source:TheSun