CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
အူဘာမီယန်းဟာ ဘာစီလိုနာ အသင်းက ဗလင်စီယာအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဟတ်ထရစ်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အူဘာမီယန်းဟာ (၂၁)ရာစုအတွင်း လိဂ်ကြီး ၄ ခုမှာ ဟတ်ထရစ်ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့က အာဆင်နယ် အသင်းကနေ ဘာစီလိုနာအသင်းကို အလွတ်နဲ့ ရောက်ရှိလာခဲ့တဲ့ အူဘာမီယန်းဟာ စပိန်ကလပ်အတွက် ကစားခဲ့တဲ့ ပထမဆုံး(၃)ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့တာပါ။
ဗလင်စီယာနဲ့ပွဲမှာတော့ ဂါဘွန်ကစားသမားဟာ ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့သလို ပထမဆုံး ဟတ်ထရစ် ဂိုးကိုပါ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အူဘာမီယန်းဟာ လီဂူးဝမ်း၊ ဘွန်ဒစ်လီဂါ၊ ပရီးမီးယားလိဂ်နဲ့ အခု လာလီ ဂါ ပြိုင်ပွဲတွေမှာ ဟတ်ထရစ်ဂိုး သွင်းယူနိုင်ခဲ့တာပါ။
အဲ့ဒါကြောင့်လည်း (၂၁)ရာစုအတွင်း လိဂ်ကြီး ၄ ခုမှာ ဟတ်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့တာဖြစ် ပါတယ်။ အူဘာမီယန်းဟာ အာဆင်နယ်အသင်းမှာ ရှိတုန်းကလည်း ဗလင်စီယာအသင်း အိမ်ကွင်းမှာ ကစားတဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဟတ်ထရစ် သွင်းယူနိုင်ခဲ့တာပါ။
ဗလင်စီယာနဲ့ပွဲမှာ ဂိုးသွင်းနေတဲ့ အူဘာမီယန်းကိုတွေ့ရစဉ်(The Sun)
အဲ့ဒီအတွက် အူဘာမီယန်းဟာ ဗလင်စီယာအသင်း အိမ်ကွင်းမှာ ဟတ်ထရစ်(၂)ကြိမ်သွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ် ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းနည်းပြ ဇာဗီက အူဘာမီယန်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျုးခဲ့ပါတယ်။
ဇာဗီက “အူဘာဟာ သူ့ရဲ့ ကစားသမားဘဝ တလျှောက်လုံး ဂိုးတွေသွင်းယူနေတာပါ။ သူ ဒီမှာ မကြာခင် ဂိုးသွင်းနိုင်မယ် ဆို တာကိုလည်း မျှော်လင့်ထားရမှာပါ။ သူဟာ ရင့်ကျက်သလို အလွန်လည်း ဉာဏ်ကောင်းပါတယ်။ သူ့အတွက် ကျနော်ပျော်ရွှင် ပါတယ်။ အခုလို ဂိုးတွေ သွင်းယူနိုင်ခဲ့တာက သူ့အတွက် အလွန်ကောင်းမွန်ပါလိမ့်မယ်”လို့ ပွဲအပြီးမှာ ပြောခဲ့တာ ဖြစ်ပါ တယ်။
အူဘာမီယန်းဟာ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုတွေကြောင့် အာဆင်နယ် အသင်းခေါင်းဆောင်ရာထူး ကနေ ဖယ်ရှားခံရ ပြီးနောက်မှာ နည်းပြ အာတီတာနဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာပါ။ အဲ့ဒါကြောင့် အာဆင်နယ် အသင်းဟာ အူဘာမီယန်း ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့နိုင်အောင် စာချုပ်ဖျက်သိမ်း ပေးခဲ့တာလည်း ဖြစ်ပါတယ်။
Source: Metro