CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်(မန်ယူ) လူငယ်ကစားသမားတွေအတွက် စံနမူနာယူစရာ ကောင်းတဲ့သူ မဟုတ်ဘူး လို့ အသင်းရဲ့ ဂန္တဝင်ကစားသမား ပေါလ်အင့်စ်က ပြောလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ဘန်လေအသင်းနဲ့ တဖက် တစ်ဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ ပရိသတ်တွေကို နှုတ်ဆက်ခြင်းမပြုပဲ ဥမင်လှိုဏ် ခေါင်းထဲကို တန်းပြီး ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပေါလ်အင့်စ်က ရော်နယ်ဒိုကို ဝေဖန်ခဲ့တာပါ။

အသက်(၃၇)နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လက မန်ချက်စတာယူနိုက်တက်အသင်း လူငယ်ကစား သမားအချို့ဟာ သူ့ရဲ့ အကြံဉာဏ်ကို ရယူခြင်းမရှိတဲ့အတွက် ပြစ်တင်ဝေဖန်ခဲ့ပါသေးတယ်။ ပေါလ်အင့်စ်ကတော့ ရော်နယ်ဒို အနေနဲ့ အသင်း ဖော်တွေကို မဝေဖန်ခင် သူ့အကျင့်ကို ပြင်သင့်တယ်လို့ ထင်ကြောင်း ပြောခဲ့တာပါ။

ပေါလ်အင့်စ်က “လူတွေက ပြောကြတယ် သူဟာ ကလပ်၊ လူငယ်တွေနဲ့ ကစားသမားတွေအတွက် အလွန်ကောင်းတယ် ဆိုပြီးတော့ပေါ့။ ဒါမျိုးဖြစ်မယ်လို့ ကျနော်တို့လည်း ထင်ခဲ့တာပါ။ ဒါပေမယ့် သူလုပ်ခဲ့တဲ့ ဥပမာက သူဟာ အရုပ်တွေကို တွန်းလှည်းပေါ်ကနေ ပစ်ချခဲ့ပါတယ်။ ဒါဟာ အလွန်ဆိုးပါတယ်။ သူဟာ ဥမင်လှိုဏ်ခေါင်းထဲကို ပြေးဝင်သွားတာ၊ ပရိသတ် တွေကို နှုတ်မဆက်တာနဲ့ စိတ်ပျက်နေတာတွေကိုပဲ ခဏခဏ တွေ့နေရပါတယ်။ ဒါဟာ စံနမူနာကောင်း တစ်ခုမဟုတ် ပါဘူး ”လို့ ပြောခဲ့ပါတယ်။

                                                          ရော်နယ်ဒိုကိုတွေ့ရစဉ်(The Sun)

ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အတွက် ၁၄ ဂိုး သွင်းယူထားပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေပြီး အဆိုးရွားဆုံး ဂိုးမိုးခေါင်မှုနဲ့ ရင်ဆိုင်နေခဲ့ရတာပါ။ ပေါ်တူဂီ ကစားသမားဟာ ဆောက်သမ်တန်နဲ့ ပွဲမှာ အပိုင်အခွင့်အရေး ၂ ကြိမ်ကို လွဲချော်ခဲ့သလို မယ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာလည်း ပင်နယ်တီ မဝင်ခဲ့တာ ဖြစ်ပါတယ်။

ပေါလ်အင့်စ်က “ရော်နယ်ဒိုက တကိုယ်ကောင်းဆန်တဲ့ ကစားသမားပါ။ သူဟာ ဂိုးမသွင်းနိုင်ရင် သူမပျော်ရွှင်ပါဘူး။ လာမယ့် နှစ် သူအသင်းမှာ ဆက်ရှိမလားဆိုတာ မသိပါဘူး။ ရက်ဂ်နစ်သာ ဆက်ရှိရင် သူထွက်သွားနိုင်ပြီး ပိုချက်တီနို ရောက်လာရင် တော့ သူဆက်ရှိနိုင်ပါတယ်။ သူဟာ ပွဲကစားချင်တဲ့ သူပါ။ သူဟာ ပွဲမကစားရတော့ဘူးဆိုရင် လာမယ့်ရာသီ သူဒီမှာ ရှိနေတာ ကို ကျနော်တို့ မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source: The Sun