CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

တားမြစ်ဆေးစမ်းသပ်ရာမှာ မအောင်မြင်ခဲ့တဲ့ အသက်(၁၅)နှစ်အရွယ်ရှိ ရှရှားစကိတ်မယ် ဗာလီအီဗာ ကို အားကစားဆိုင်ရာ ခုံသမာဓိရုံး CAS က ယာယီရပ်ဆိုင်းခြင်းမပြုခဲ့တဲ့အတွက် ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ခွင့်ရ သွားပြီဖြစ်ပါတယ်။ CAS ကတော့ ရုရှားစကိတ်မယ် ကို ပြိုင်ပွဲယှဉ်ပြိုင်ခြင်းကနေ တားမြစ်ရမှာဟာ သူမရဲ့ ပြန်လည်မွမ်းမံနိုင်မှုကို ထိခိုက်စေနိုင်တယ်လို့ပြောခဲ့တာပါ။

CAS ရဲ့ မက်သယူးရီဘ် က “သူမဟာ အသက်(၁၆)နှစ်အောက်ဖြစ်ပြီး ကမ္ဘာ့တားမြစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ ရဲ့ ကုဒ်အောက်မှာ အကာအကွယ်ပေးထားတဲ့သူတဦးဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။ ဆောင်းရာသီ အိုလံပစ်အားကစားပွဲ အလယ်မှာ ဒီလိုနောက်ကျတဲ့ အကြောင်းကြားချက်က သူမရဲ့ အပြစ်မဟုတ်ဘူးလို့လည်း စီရင်ချက်မှာ ဖော်ပြထားတာပါ။ အဲဒါကြောင့် ဗာလီအီဗာ ဟာ အင်္ဂါနေ့မှာ ယှဉ်ပြိုင်မယ့် အမျိုးသမီးတဦးချင်း စကိတ်စီးပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး ရွှေတံဆိပ်ဆုရရှိဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။

ရုရှားအိုလံပစ်ကော်မတီအားကစားအဖွဲ့ဟာ လက်ရှိ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် (၄)ခု၊ ငွေတံဆိပ်(၆)ခု၊ကြေးတံဆိပ်(၈)ခုစု စုပေါင်း(၁၈)ခုနဲ့ နိုင်ငံအလိုက် အဆင့်(၆)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဗာလီအီဗာ တို့ အဖွဲ့ပါဝင်တဲ့ အစုအဖွဲ့အလိုက် ရေခဲပြင်ပေါ်မှာ စကိတ်စီးတဲ့ ပြိုင်ပွဲကနေလည်း ဒီပြိုင်ပွဲမှာ ရုရှားအတွက် ရွှေတံဆိပ်တခုရယူပေးထားနိုင်ခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ အရင်က တားမြစ်ဆေး ကိစ္စတွေကြောင့် ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်းကို ခံခဲ့ရဖူးပါတယ်။

အခုဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာတော့ အင်အား(၂၁၂)ဦးရှိတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားအိုလံပစ်ကော်မတီအလံ အောက်မှာသာ ယှဉ်ပြိုင်နေတာဖြစ်ပြီး ပိတ်ဆို့အရေးယူမှု အစိတ်အပိုင်းအနေနဲ့ နိုင်ငံတော်သီချင်းကို အသုံးမပြု ရတာလည်းဖြစ်ပါတယ်။ ဗာလီအီဗာ ဟာ CAS က စီရင်ချက်ချပြီး နာရီဝက်အကြာ မီဒီယာတွေရဲ့ရှေ့မှာ လေ့ကျင့် ရေးကွင်းကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ရုရှားအိုလံပစ်ကော်မတီကလည်း ဒီစီရင်ချက်ကို ကြိုဆိုခဲ့တာ ဖြစ်ပါ တယ်။

ကာမီလာဗာလီအီဗာ ဟာ အခုနှစ်အတွင်း အက်စ်တိုးနီးယားမှာ ကျင်းပခဲ့တဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ကို ရယူနိုင်ခဲ့တာပါ။ ရုရှားစကိတ်မယ် ဟာ (၂၀၂၀) က ဂျုနီယာကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲနဲ့ ဂျုနီယာ ဂရမ်းပရီ ပြိုင်ပွဲတွေမှာလည်း ရွှေတံဆိပ်ဆုတွေကို ရယူနိုင်ခဲ့သူဖြစ်ပါတယ်။

Source:BBC