CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉

မြန်မာ့လက်ရွေးစင်အသင်း ကွင်းလယ်ကစားသမား လွင်မိုးအောင်က သူ့ရဲ့ဆန္ဒကို လိုက်လျောပေးပြီး စာချုပ်ဖျက်သိမ်းပေးတဲ့ ရန်ကုန်ယူနိုက်တက်အသင်းကို ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါတယ်။

ရန်ကုန်ယူနိုက်တက် အသင်းဟာ ၂၀၂၁ ခုနှစ် ဘောလုံးရာသီအတွက် လွင်မိုးအောင်ကို အားကစားနှင့်ကာယပညာသိပ္ပံကနေ (၂)နှစ် အငှားစာချုပ်ချုပ်ဆိုပြီးတော့ ခေါ်ယူခဲ့တာပါ။ ဒါပေမယ့် ဒီဇင်ဘာလ ၂၉ ရက်မှာတော့ ကစားသမားရဲ့ ဆန္ဒအရ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းပေးလိုက်ပြီလို့ ရန်ကုန်ယူနိုက်တက်အသင်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လွင်မိုးအောင်ကလည်း သူနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ ကြားမှာရှိတဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားခဲ့တာပါ။

လွင်မိုးအောင်က “၂၀၂၁ ခုနှစ် ဘောလုံးရာသီအတွက် ရန်ကုန်ယူနိုက်တက်နဲ့ ကျနော် စာချုပ်ချုပ်ဆိုခဲ့ပြီး မျှော်လင့်ချက် အား အင် အပြည့်နဲ့ ခြေစွမ်းပြကစားဖို့ မျှော်လင့်ခဲ့ပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် အခုအခါမှာတော့ စာချုပ် ဖျက် သိမ်း လိုက်ပါပြီ”လို့ ရေးသားထားခဲ့တာပါ။


ပုံ-လွင်မိုးအောင်ကို တွေ့ရစဉ်(Getty Images)

လွင်မိုးအောင်ဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းမှာ ကစားခဲ့တာပါ။ လွင်မိုးအောင်ဟာ သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် အသင်းတွေမှာလည်း ခြေစွမ်းပြသ နိုင်ခဲ့တာဖြစ်ပြီး လက်ရွေးစင် အသင်းကြီးအတွက် ၁၄ ပွဲ ပါဝင်ကစားထားခဲ့တာ ဖြစ်ပါတယ်။

လွင်မိုးအောင်ဟာ မကြာသေးခင်က မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲမှာ လည်း ပါဝင်ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။

လွင်မိုးအောင်က “နောင်အနာဂါတ်မှာလည်း ရန်ကုန်ယူနိုက်တက်နဲ့ အခါအခွင့်သင့်လျှင် လက်တွဲ ကစားသွားဖို့ စိတ်အား ထက်သန်ပါတယ်။ အခုလို ကျနော့်ဆန္ဒကို လိုက်လျောပေးတဲ့ ရန်ကုန်ယူနိုက်တက်က လူကြီးမင်းများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။ ကျနော့်ကို လှိုက်လှဲစွာကြိုဆိုခဲ့ကြတဲ့ ရန်ကုန်ယူနိုက်တက် ဖန်များ အားလုံးကိုလည်း ကျေးဇူးတင် ရှိပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက် အသင်းဟာ မကြာသေးခင်ကလည်း အဓိက ကစားသမားဖြစ်တဲ့ မောင်မောင်လွင်ကို စာချုပ် ဖျက်သိမ်း ပေးခဲ့သလို အသစ်ခေါ်ယူထားတဲ့ စိုးမိုးကျော်ကိုလည်း စာချုပ် ဖျက်သိမ်းပေးခဲ့တာပါ။ လက်ရှိ အချိန်မှာ မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲဟာ ကျင်းပဖို့ မသေချာ သေးတာကြောင့် ကစားသမားတွေဟာ ပြည်ပထွက်ကစားဖို့ စိတ်အား ထက်သန် နေကြ တာလည်း ဖြစ်ပါတယ်။

Source: YUFC FB, Lwin Moe Aung FB