CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒီရာသီမှာ မယုံနိုင်ဖွယ်လောက်အောင် စွမ်းဆောင်ရည်ပြသထားတဲ့ ဒီဂီယာဟာ ဥရောပထိပ်တန်းလိဂ်ရဲ့ အကောင်းဆုံးဂိုးသမားအဖြစ် ရပ်တည်နေတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ ဒီဂီယာဟာ ဂိုးပေးရနိုင်တယ်လို့ ထင်ရတဲ့ကန်ချက်တွေကို ဂိုးမပေးရအောင် ကာကွယ်နိုင်မှုမှာ အများဆုံးအဖြစ် ရပ် တည်နေတာပါ။ ဒီရာသီမှာ ဂိုးပေးရနိုင်ဖို့ မျှော်လင့်ထားတဲ့ ၇ ဒသမ ၆ ဂိုးကို မပေးရအောင် ဒီဂီယာအနေနဲ့ ကာကွယ်ပေးထားခဲ့တာဖြစ်ပါတယ်။

ဒီဂီယာရဲ့ နောက်မှာ ဝုလ်ဗ်စ်အသင်း ဂိုးသမား ဂျိုဆီဆာ က (၆ ဒသမ ၇)ဂိုး ကာကွယ်ထားပြီး ဒုတိယနေရာမှာ ရပ်တည်နေတာပါ။ ဘွန်ဒစ်လီဂါ ကလပ် ဘိုချန်အသင်းရဲ့ ဂိုးသမား ရီးမန်း က (၆ ဒသမ ၄)နဲ့ တတိယ၊ ဗယ်လယ် ကာနို ဂိုးသမား ဒီမီထရီအက်ဗ်စကီး က (၅ ဒသမ ၉)နဲ့ စတုတ္တနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ထိပ်တန်း (၁၀)ဦးစာရင်းမှာ ပရီးမီးယားလိဂ်က (၂) ဦး၊လာလီဂါ က (၄) ဦး၊ ဘွန်ဒစ်လီဂါ က (၂) ဦးနဲ့ စီးရီးအေ၊ လီဂူးဝမ်း တို့က (၁) ဦးစီ ပါဝင်ခဲ့တာပါ။ ဒီဂီယာဟာ ဒီရာသီမှာ ရုန်းကန်နေရတဲ့အသင်းအတွက် အကောင်းဆုံး လက်စွမ်းပြ ကာကွယ်ပေးနေတာလည်းဖြစ်ပါတယ်။

ဒီဂီယာဟာ ပြီးခဲ့တဲ့ရာသီက လက်စွမ်းပြနိုင်မှုမှာ မတည်ငြိမ်ခဲ့တဲ့အတွက် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နံပတ်(၁)ဂိုးသမားနေရာအတွက် ဒိန်းဟန်ဒါဆန်ရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရတာပါ။ ဒီရာသီမှာတော့ စပိန်ဂိုးသမားရဲ့ လက်စွမ်းဟာ ထိပ်တန်းအဆင့်ကို ပြန်ရောက်သွားခဲ့ပြီး အသင်းရဲ့ နံပတ်(၁)ဂိုးသမားနေရာကို အတည်တကျ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီဂီယာဟာ မကြာသေးခင်က နယူးကာဆယ်အသင်းနဲ့ တဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း အသင်းကို အရှက်တကွဲနဲ့ ရှုံးနိမ့်မသွားအောင် လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။ ဒီဂီယာ ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန်(၈၈)မိနစ်မှာ နယူးကာဆယ်အသင်းက အယ်လ်မီရွန်ရဲ့ကောင်းမွန်တဲ့ကန်ချက်ကို ကာကွယ် သွားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီမှာ အသင်းရဲ့ ခံစစ်ပိုင်းဆိုးရွားမှုတွေကြောင့် ဒီဂီယာအနေနဲ့ ဂိုးပေါက်ကာကွယ်မှု အများအပြားကို ပြုလုပ်ခဲ့ရပြီး အသင်းရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေး နေခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပေးဂိုး(၂၅)ဂိုးအထိ ပေးထားခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆိုရင်လည်း ပေးဂိုး(၈)ဂိုးအထိရှိကာ အသင်းရဲ့ခံစစ်ပိုင်းဆိုးရွားနေမှုကို မီးမောင်းထိုးပြနေတာလည်းဖြစ်ပါတယ်။

Source: The Sun