CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃

ရှရစ်ဖ်နည်းပြ စတီပန်တိုမတ်စ်က သူတို့ဟာ ပြီးခဲ့တဲ့နှစ်က ရီးရယ်လ်ကို အနိုင်ရခဲ့တယ်လို့ ယူရိုပါလိဂ်ပွဲ မတိုင်ခင် ယူနိုက်တက်အသင်းကို သတိပေးလိုက်ပါတယ်။

စတီပန်တိုမတ်စ်က “ ယူနိုက်တက်က ကမ္ဘာ့အကျော်ကြားဆုံး အသင်းတစ်သင်းပါ။ ကျနော်တို့ဟာ ဒီပွဲအတွက် ပြင်ဆင် ပြီးသွားပြီ ဖြစ်ပြီး ရလာမယ့် အခွင့်အရေးတွေကို အရယူဖို့ ကြိုးစားသွားမှာပါ။ ခံစစ်ကစားပုံ ကောင်းအောင်လုပ်ဖို့က အရေး ကြီးပါတယ်။ ကျနော်တို့အတွက် အခိုက်အတန့်တွေ အများကြီးရှိမှာ မဟုတ်ပေမယ့် ရလာမယ့် အခွင့်အရေးတွေကိုတော့ ရအောင် အသုံးချရမယ်”လို့ ပြောပါတယ်။

မော်လ်ဒိုဗာကလပ် ရှရစ်ဖ်အသင်းဟာ ယူနိုက်တက်အသင်းကို ကြာသပတေးနေ့ အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

ရှရစ်ဖ်အသင်းကိုတွေ့ရစဉ် (UEFA)

ရှရစ်ဖ်အသင်းဟာဆိုရင် အုပ်စုအဖွင့်ပွဲစဉ်မှာ အိုမိုနီးယားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ယူနိုက်တက် အသင်း ကတော့ ဆိုစီဒက်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ ရှရစ်ဖ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်အုပ်စု အဆင့် မှာတုန်းက ရီးရယ်လ်အသင်းကို အဝေးကွင်းမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

စတီပန်တိုမတ်စ်က “ ဒီလိုအသင်းနဲ့ ကစားရတာက ကြီးမားတဲ့ တွန်းအားတစ်ခုပါ။ ရော်နယ်ဒို ပါဝင်မလား၊ မပါဝင်ဘူးလား ဆိုတာ မသိပါဘူး။ ကျနော်တို့ဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းကို အနိုင်ရခဲ့ပါတယ်။ အခု ကျနော်တို့က အတွေ့အကြုံ ရှိတဲ့ အသင်းတစ်သင်း ဖြစ်နေပါပြီ။ ကျနော်တို့ဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ပွဲတွေအများကြီး ကစားပြီးသွားပါပြီ။ ကျနော်တို့ အတွေ့အကြုံ ရှိတယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

ရှရစ်ဖ်ဟာ မော်လ်ဒိုဗာ စူပါလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ ၇ ပွဲ ကစားအပြီးမှာ ရမှတ် ၁၇ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကတော့ ပရီးမီးယားလိဂ် ၆ ပွဲ ကစားအပြီးမှာ ၄ ပွဲနိုင် ၂ ပွဲရှုံး ရလဒ် ထွက် ပေါ်ထားတာ ဖြစ်ပါတယ်။

Source: Sport