CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃

ဝေးလ်စ်အသင်းဟာ ယာယီနည်းပြ ရော့ဘ်ပေ့ချ်ကို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအထိ ကိုင်တွယ်ဖို့ အတွက် ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။

အသက် ၄၈ နှစ်အရွယ်ရှိ ရော့ဘ်ပေ့ချ်ဟာ နည်းပြဟောင်း ရိုင်ယန်ဂစ် စွဲချက်တွေကြောင့် အသင်းက ထွက်ခွာပြီးကတည်းက ဝေးလ်စ်အသင်းကို ကိုင်တွယ်ခဲ့တာပါ။ပေ့ချ်ရဲ့လက်ထက်မှာ ဝေးလ်စ်အသင်း ဟာ ပြီးခဲ့တဲ့နှစ် ယူရိုပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ထိ ရောက်ရှိခဲ့ပါတယ်။ဒါ့အပြင် ၁၉၅၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ကာ ကာတာကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့် ရရှိခဲ့ တာပါ။

ရော့ဘ်ပေ့ချ်က “နိုင်ငံအသင်းကို နည်းပြအဖြစ်ဆောင်ရွက်ရတာထက် ပိုပြီးကြီးမားတဲ့ ဂုဏ်ယူမှုဆိုတာ မရှိပါဘူး။ ၆၄ နှစ်အတွင်း ကျနော်တို့ရဲ့ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကနေ စတင်မယ့် လာမယ့် ၄ နှစ် အတွင်း စိန်ခေါ်မှုတွေကို ကျနော်မစောင့်ဆိုင်းနိုင်တော့ပါဘူး။ဒါဟာ ဝေးလ်စ်ဘောလုံးအတွက် စိတ် လှုပ်ရှားစရာ အကောင်းဆုံးအချိန်ဖြစ်ပြီး နိုဝင်ဘာလမှာ နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်အောင် လုပ် ဆောင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ရော့ဘ်ပေ့ချ်ရဲ့ လက်ထက်မှာ ဝေးလ်စ်အသင်းဟာ ၂၆ ပွဲကစားခဲ့ရာမှာ ၁၀ ပွဲနိုင်၊ ၉ ပွဲသရေ၊ ၇ ပွဲရှုံး ရလဒ်ထွက်ပေါ်ထားတာပါ။ဝေးလ်စ်အသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု B မှာ အင်္ဂလန်၊ အမေရိကန်၊ အီရန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၁ ရက် မှာ အမေရိကန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဝေးလ်စ်အသင်းဟာ စက်တင်ဘာလထဲမှာ နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် ၂၂ ရက်မှာ ဘယ်လ်ဂျီယံ၊ ၂၅ ရက်မှာ ပိုလန်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဝေးလ်စ်အသင်းဟာ ဒီပြိုင်ပွဲမှာတော့ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ပိုလန်တို့နဲ့ ကျရောက်နေတာဖြစ်ပြီး ၄ ပွဲကစားအပြီးမှာ ရမှတ် ၁ မှတ်သာ ရရှိထားတာ ဖြစ်ပါတယ်။

Source:ChannelNewsAsia