CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃

ညာနောက်ခံလူ ကတ်စတီလိုက မွေးစာရင်းအတုပြုလုပ်ခဲ့တယ်လို့ ဝန်ခံလိုက်တာကြောင့် အီကွေဒေါ အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အီကွေဒေါအသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကဇုန်ကနေ ခြေစစ်ပွဲ အောင်မြင်ထားတာပါ။ချီလီဘောလုံးအဖွဲ့ချုပ်ဟာ ဧပြီလက ဖီဖာထံ တရားဝင်တိုင်ကြားမှုတစ်ခု စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကတ်စတီလိုဟာ မွေးစာရင်းအတုပြုလုပ်ကာ တရားမဝင်ရွှေ့ပြောင်း နေထိုင်သူဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ကတ်စတီလိုဟာ ၁၉၉၅ ခုနှစ်၊ ကိုလံဘီယာနိုင်ငံ တူမာကိုမှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၉၈ ခုနှစ်၊ အီကွေဒေါမှာ မွေးဖွားခဲ့တာမဟုတ်ဘူးလို့ ချီလီဘောလုံးအဖွဲ့ချုပ်က သက်သေအထောက်အထားတွေ ပြသခဲ့တာပါ။

ဖီဖာဟာ ဒီကိစ္စကို စုံစမ်းစစ်ဆေးခဲ့ပြီး ချီလီရဲ့တိုင်ကြားမှုကို ပယ်ချခဲ့ကာ ကစားသမားဟာ အီကွေဒေါ က ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမယ့် ဒေးလီးမေးလ်သတင်းဌာနက ကတ်စတီလိုဟာ ကိုလံ ဘီယာနိုင်ငံသား ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို ချပြလိုက် တာပါ။၂၀၁၈ ဒီဇင်ဘာလက FEF စုံစမ်းစစ်ဆေးရေးကော်မရှင်အကြီးအကဲနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အသံဖိုင်မှာ ကတ်စတီလိုဟာ ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

ကတ်စတီလိုက “ကျနော်နယ်စပ်ကို ဖြတ်သွားခဲ့တာပါ။ဘာကြောင့်လဲဆိုရင် တူမာကိုက အသင်းတွေက ဆန်လော်ရန်ဇိုမှာ ကစားနေတယ်ဆိုတာ ခင်ဗျားတို့လည်း သိနေတာပါပဲ။ကျနော် ဆန်လော်ရန်ဇိုမှာ အစမ်းသပ်ခံချင်ခဲ့ပါတယ်။ဒါကိုတော့ ကောင်းကောင်းမှတ်မိပါတယ်။ဒီအစမ်းသပ်ခံရမှုမှာ ဘယ်အသင်း ကမှ မရွေးချယ်ခဲ့ပါဘူး”လို့ ပြောထားပါတယ်။

အီကွေဒေါမွေးစာရင်းမှာ သူ့ရဲ့ နာမည်အပြည့်အစုံက ဘိုင်ရွန်ဒေးဗစ်ကတ်စတီလိုဆီဂူယာ ဖြစ်ပြီး ကိုလံဘီယာစာရွက်စာတမ်းမှာတော့ ဘိုင်ရွန်ဂျာဗီယားကတ်စတီလိုဆီဂူယာ ဖြစ်တယ်လို့ သိရတာပါ။ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်မှာ အဆင့် ၄ နေရာရပ်တည်ကာ ခြေစစ်ပွဲအောင်ခဲ့တဲ့ အီကွေဒေါအတွက် ကတ်စတီလိုဟာ ပွဲပေါင်း ၈ ပွဲပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။သူဟာ ချီလီနဲ့ ကစားခဲ့ တဲ့ ခြေစစ်ပွဲ ၂ ပွဲစလုံးပါဝင်ကစားခဲ့တာပါ။

အီကွေဒေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု A မှာ အိမ်ရှင်ကာတာ၊ နယ်သာလန်၊ ကင်မရွန်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာ ဖြစ်ပါတယ်။ဖီဖာဟာ ကတ်စတီလိုနဲ့ပတ်သက်ပြီး ကြာသပတေးနေ့ မှာ အပြီးသတ် ဆုံးဖြတ်ချက်ချသွားမယ်လို့ သိရပါတယ်။

Source:Sportbible