CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈

လီဗာပူးလ်အသင်း တိုက်စစ်မှူး ဟူဂိုအက်ကီတီကေဟာ စက်တင်ဘာမှာ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်)ပွဲတွေအတွက် ထုတ်ပြန်ခဲ့တဲ့ ပြင်သစ်လက်ရွေးစင်အသင်း လူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။

နွေရာသီ အပြောင်းအရွှေ့က ဖရန့်ဖတ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဟူဂိုအက်ကီတီကေဟာ လီဗာပူးလ် အသင်းအတွက် ကစားထားတဲ့ ၃ ပွဲမှာ ၃ ဂိုးအထိ သွင်းယူထားပြီး ခြေစွမ်းပြသနေတာပါ။ 

ဒါပေမယ့် ဟူဂိုအက်ကီတီကေဟာ နည်းပြဒက်ချမ့်စ် ထုတ်ပြန်ခဲ့တဲ့ ကစားသမား ၂၃ ဦးပါ ပြင်သစ်အသင်း လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ 

ဟူဂိုအက်ကီတီကေဟာ ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်အသင်းအတွက် ၂၂ ဂိုး သွင်းယူနိုင်ခဲ့သလို လီဗာပူးလ်အသင်းမှာ ပြသနေတဲ့ ပုံစံကောင်းတွေကြောင့် ပြင်သစ်အသင်း လူစာရင်းထဲ ခေါ်ယူခြင်းခံရမယ်လို့ အများအပြားက ယုံကြည် ခဲ့ကြတာပါ။

 ဟူဂိုအက်ကီတီကေကို တွေ့ရစဉ်

ပြင်သစ်အသင်း နည်းပြ ဒက်ချမ့်စ်ဟာ မိုနာကိုအသင်းကြယ်ပွင့် မက်ဂ်နက်စ်ကို ပထမဆုံးအကြိမ် ရွေးချယ်ခဲ့ပြီး သူဟာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဘတ်ပီ၊ အိုလီဆေး၊ ဒမ်ဘီလီ အပါအဝင် ကစားသမားအချို့နဲ့ တွဲဖက် ကစား ရမှာ ဖြစ်ပါတယ်။ 

ဟူဂိုအက်ကီတီကေ အနေနဲ့ လာမယ့်ပွဲတွေမှာ လီဗာပူးလ်အသင်းအတွက် သွင်းဂိုးတွေသွင်းပြီး သူ့ရဲ့ခြေစွမ်းကို ဆက်ထိန်းသိမ်း နိုင်မယ်ဆိုရင် လာမယ့် နိုင်ငံတကာ ပွဲစဉ်တွေမှာ ပြင်သစ်အသင်းရဲ့ ခေါ်ယူခြင်းကို ခံရမှာပါ။ 

အသက် ၂၃ နှစ်အရွယ်ရှိ ဟူဂိုအက်ကီတီကေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြင်သစ် ယူ-၂၁ အသင်းအတွက် ၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

ပြင်သစ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် စက်တင်ဘာ ၅ ရက်မှာ ယူကရိန်းအသင်းနဲ့ အဝေး ကွင်း၊ စက်တင်ဘာ ၉ ရက်မှာ အိုက်စလန်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Goal