CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁
ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား မက်ဆီဟာ ၂၀၂၁-၂၂ ရာသီအတွက် လီဂူးဝမ်းရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်း မှာ ချန်လှပ်ခံခဲ့ရပါတယ်။
Football Observatory က ပြုစုခဲ့တဲ့ ၁၁ ဦးစာရင်းမှာ ပုံရိပ်ကြီးမားတဲ့ နာမည်ကြီး ကစားသမား အများအပြား မပါဝင်ခဲ့တာ ကို တွေ့ခဲ့ရတာပါ။ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာ အသင်းကနေ အလွတ်နဲ့ ရောက်ရှိလာခဲ့တဲ့ မက်ဆီဟာ ပီအက်စ်ဂျီ အသင်းနဲ့အတူ လီဂူးဝမ်းပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
မက်ဆီဟာ လီဂူးဝမ်းပွဲစဉ် ၁၀ ပွဲ ကစားအပြီးမှာ ၁ ဂိုး သွင်းယူထားပြီး ၅ ဂိုး ဖန်တီးထားခဲ့တာပါ။ ဒဏ်ရာ အခြေအနေတွေ ကြောင့် အနားယူနေရတဲ့ နေမာလည်း မက်ဆီနဲ့အတူ ဒီ ၁၁ ဦးစာရင်းမှာ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘတ်ပီက တော့ လီဂူးဝမ်းရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ပါဝင်နေခဲ့တာပါ။
ဒီအသင်းမှာ ပီအက်စ်ဂျီအသင်းက ကစားသမား ၄ ဦးအထိ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေကတော့ နောက်ခံလူ ကင်မ်ပန်ဘီ၊ ဂွီယီ၊ ဟာကီမီနဲ့ ဘတ်ပီတို့ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ပုံ-လီဂူးဝမ်း အကောင်းဆုံး အသင်း လူစာရင်း။(The Sun)
လီဂူးဝမ်းပွဲစဉ် ၁၄ ပွဲ ကစားအပြီးမှာ ဂိုးပါဝင်ပတ်သက်မှု(၁၃)ဂိုးအထိ ပြုလုပ်ခဲ့တဲ့ မာဆေးလ် တိုက်စစ်ကစားသမား ပါယက် လည်း ဒီအသင်းမှာ ပါဝင်ခဲ့တာပါ။ အာဆင်နယ် အသင်းကနေ အငှားသွားရောက် ကစားပြီး မာဆေးလ်အသင်းမှာ အထင်ကြီး ဖွယ်ရာ ခြေစွမ်းပြသနေတဲ့ ဆလီဘာလည်း လီဂူးဝမ်းရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ မာဆေးလ်အသင်းက ကာမာရာလည်း ဒီအသင်းထဲမှာ ပါဝင်ခဲ့ပါတယ်။
Football Observatory က ပြုစုခဲ့တဲ့ လီဂူးဝမ်း အကောင်းဆုံး အသင်းမှာတော့ ဂိုးသမားအဖြစ် မောင့်ပယ်လီယာ အသင်းက ဂျိုးနတ်စ်အိုမ်လင်၊ နောက်တန်းမှာ ရီးနတ်စ်အသင်းက အေဂါတ့်၊ ပီအက်စ်ဂျီအသင်းက ကင်မ်ပန်ဘီ၊ မာဆေးလ် အသင်းက ဆလီဘာတို့ ဖြစ်ပါတယ်။ ကွင်းလယ်မှာ ပီအက်စ်ဂျီအသင်းက ဂွီယီ၊ မာဆေးလ်အသင်းက ကာမာရာ၊ လန်းစ်အသင်းက ဖိုဖာနာ၊ ပီအက်စ်ဂျီက ဟာကီမီ၊ ဘရက်စ်တွိုက်စ်အသင်းက ဗယ်ဗရာနဲ့ ရှေ့တန်းမှာ မာဆေးလ်အသင်းက ပါယက်၊ပီအက်စ်ဂျီ အသင်းက ဘတ်ပီတို့ ဖြစ်ပါတယ်။
အခုနှစ်ရာသီ ပြင်သစ်လီဂူးဝမ်း ၁၈ ပွဲ ကစားအပြီးမှာ ပီအက်စ်ဂျီ အသင်းက ရမှတ် ၄၅ မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည် နေ တာဖြစ်ပြီး မာဆေးလ်အသင်းက တစ်ပွဲလျော့ ရမှတ် ၃၂ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: The Sun