၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁
စပိန်နာမည်ကျော် တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်လ် ဟာ အဘူဒါဘီမှာ ကျင်းပခဲ့တဲ့ မူဘာဒါလာ ကမ္ဘာ့တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲကနေ အိမ်ကိုပြန်လာအပြီးမှာ ကိုဗစ်ပိုးကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။
ဂရမ်းဆလမ်းချန်ပီယံဆု အကြိမ်(၂၀)ရထားတဲ့ ရာဖေးလ်နာဒယ်လ်ဟာ ဒီပြိုင်ပွဲရဲ့ အကြိုဗိုလ်လုပွဲမှာ အန်ဒီမာရေး ကို အရေးနိမ့်ခဲ့တာပါ။ ရာဖေးလ်နာဒယ်လ်က မသက်မသာဖြစ်တဲ့အခြေအနေတွေ ကြုံခဲ့ဖူးပေမယ့် တဖြည်းဖြည်း တိုးတက်လာဖို့ မျှော်လင်တယ်လို့လည်း ပြောခဲ့တာဖြစ်ပါတယ်။
အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်တင်းနစ်ကစားသမားဟာ ဒဏ်ရာအခြေအနေတွေကြောင့် ကာလကြာရှည် အနားယူခဲ့ပြီးနောက် အခုမှ ပြိုင်ပွဲတွေ ပြန်လည်စတင်ယှဉ်ပြိုင်နေခဲ့တာပါ။ ရာဖေးလ်နာဒယ်လ် က “အဘူဒါဘီ ပြိုင်ပွဲကစားပြီးတော့ အိမ်ပြန်ရောက်တဲ့အချိန်မှာ စပိန်ကိုရောက်တုန်းက ကျနော်လုပ်ခဲ့တဲ့ PCR စမ်းသပ်မှုမှာ ကိုဗစ်ပိုးကူးစက်ခံရကြောင်း တွေ့ရှိခဲ့ရပါတယ်။ ကူဝိတ်နဲ့အဘူဒါဘီမှာ (၂) ရက် တစ်ကြိမ် စမ်းသပ်မှုပြုလုပ်ခဲ့ တုန်းက ကိုဗစ်ကူးစက်မခံရသေးပါဘူး”လို့ ပြောပါတယ်။
သူက ထပ်ပြီး “ကျနော့်မှာ အဆင်မပြေတဲ့ အခိုက်အတန့်တွေရှိခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ တိုးတက်ကောင်းမွန် လာမယ်လို့ မျှော်လင့်ထားပါတယ်။ ဒီရလဒ်ကို ကျနော်နဲ့ ထိတွေ့ခဲ့သူတွေထံ သတင်းပို့ထားပါတယ်။ ဒီ အခြေ အနေကြောင့် ကျနော့်ရဲ့ ပြက္ခဒိန်ကို ပြောင်းလဲမှုတွေပြုလုပ်ဖို့ လိုအပ်ပြီး ဒီ ဆင့်ကဲ ဖြစ်စဉ်ပေါ်မှုကို မူတည်ပြီး ကျနော့်ရဲ့ ရွေးချယ်မှုတွေကို ပြန်လည်သုံးသပ်ရပါမယ်။ ကျနော့်ရဲ့ အနာဂတ်ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် အားလုံးကို အကြောင်းကြားပေးသွားပါမယ်။ ခင်ဗျားတို့ရဲ့ အားပေးမှုနဲ့နားလည်မှုတွေအတွက် ကျေးဇူးတင် တယ်လို့”တွစ်တာမှာ ရေးသားထားခဲ့ပါတယ်။
ခြေဖဝါးဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ရာဖေးလ်နာဒယ်လ် ဟာ အဘူဒါဘီပြိုင်ပွဲမှာ ပြန်လည်ပါ ဝင်နိုင် ခဲ့တာပါ။စပိန်ကစားသမားဟာ ဇန်နဝါရီ (၁၇) ရက်မှာ ကျင်းပမယ့် သြစတြေးလျ အိုးပန်းပြိုင်ပွဲမတိုင်ခင် မဲလ်ဘုန်းမှာ ကျင်းပမယ့် ATP ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာလည်းဖြစ်ပါတယ်။ ရာဖေးလ် နာဒယ်လ်ဟာ အခုနှစ်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲတွေမှာ (၂၄) ပွဲအနိုင်ရခဲ့ပြီး (၅) ပွဲအရေးနိမ့်ခဲ့ကာ ဆုဖလား(၂) ခု ရယူနိုင် ခဲ့တာ ဖြစ်ပါတယ်။
Source: BBC