CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂
အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးသတင်းတွေ ထွက်နေပေမယ့် အင်တာမိုင်ယာမီအသင်းက သူဟာအသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ်လို့ ယုံကြည်မှုရှိနေပါတယ်။
ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အင်တာမိုင်ယာမီအသင်း ထွက်ခွာခဲ့ရပြီးနောက်မှာ မက်ဆီအသင်းကနေ ထွက်ခွာဖွယ်ရှိတဲ့ ပြောဆိုမှုတွေ ပိုပြီးများလာခဲ့တာပါ။
သတင်းအချို့မှာ မက်ဆီဟာ တောင်အမေရိက ဒါမှမဟုတ် ဆော်ဒီရဲ့ အခွင့်အလမ်းတွေကို စဉ်းစားနေတယ်လို့ ဖော်ပြထားပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို ပြီးခဲ့တဲ့ဧပြီက စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် သူဟာ စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးရခြင်း မရှိသေးတာပါ။
ဒါပေမယ့် အင်တာမိုင်ယာမီအသင်းဟာ သူ့ကို အသင်းမှာ ဆက်ထိန်းသိမ်းနိုင်ဖို့ ယုံကြည်ကြောင်း BBC က ဖော်ပြထားပါတယ်။
မက်ဆီ ရောက်ရှိလာပြီးကတည်းက အင်တာမိုင်ယာမီအသင်းရဲ့ တန်ဖိုးဟာ နှစ်ဆ မြင့်တက်လာခဲ့သလို မေဂျာလိဂ်မှာလည်း ပရိသတ်တွေကို စိတ်ဝင်စားအောင် ဆွဲဆောင်နေတာကြောင့် သူတို့ရဲ့ဘဏ္ဍာရေး အခြေအနေကို ပိုပြီးအားကောင်းစေခဲ့တာပါ။
မက်ဆီကို တွေ့ရစဉ်
မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ အာဂျင်တီးနား လက်ရွေးစင်အသင်းကနေ အနားယူဖို့ရှိနေတာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို စာချုပ်သက်တမ်းတိုးပြီး ၂၀၂၆ ခုနှစ်နွေဦးမှာ ဖွင့်မယ့် သူတို့ရဲ့ ကွင်းသစ်မှာ ပါဝင်စေချင်နေတာပါ။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီ ရောက်ရှိလာအပြီးမှာ သူတို့ရဲ့ပထမဆုံး ဆုဖလားအဖြစ် လိဂ်ဖလား ရရှိခဲ့သလို ပြီးခဲ့တဲ့ရာသီက Supporter’s Shield ရရှိခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် မေဂျာလိဂ် ၃၈ ပွဲ ပါဝင်ကစားထားပြီး ၃၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၂ ကြိမ်နဲ့ ပြီးခဲ့တဲ့ရာသီက မေဂျာလိဂ် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာရပြီးနောက် မေဂျာလိဂ်ပြိုင်ပွဲအပေါ် အာရုံစိုက်ရတော့မှာဖြစ်ပြီး လာမယ့်ပွဲစဉ်အဖြစ် မွန်ထရီရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal