CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂

ရီးရယ်လ်အသင်းနည်းပြ ဇာဘီအလွန်ဆိုက တိုက်စစ်မှူး ဘတ်ပီဟာ ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပြန်ပါဝင်ဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။ 

ဇာဘီအလွန်ဆိုက “ဘတ်ပီဟာ နေ့တိုင်း ပိုကောင်းလာပြီး ကွာတားဖိုင်နယ်မှာ အများကြီး ပိုကောင်းလာမယ်လို့ ကျနော်ထင်ပါတယ်။ ကျနော် နေ့တိုင်း သူနဲ့စကားပြောပြီး သူဘယ်လိုနေလဲဆိုတာ မေးကြည့်ပါတယ်။ သူဟာ ပိုပြီးကောင်းမွန်လာမှာပါ”လို့ ပြောခဲ့တာပါ။

အစာအိမ်နဲ့အူလမ်းကြောင်း ဝေဒနာကြောင့် ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ရတဲ့ ဘတ်ပီဟာ ရီးရယ်လ်အသင်းရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ၃ ပွဲစလုံး ပါဝင်နိုင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။

ဒါပေမယ့် ဘတ်ပီဟာ ရီးရယ်လ်အသင်းက ဂျူဗင်တပ်စ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၁၆ သင်းအဆင့် ပွဲစဉ်မှာ လူစားဝင်အဖြစ် ပါဝင်ကစားခဲ့တာပါ။

ဘတ်ပီကိုတွေ့ရစဉ် 

ဘတ်ပီဟာ ဒီပွဲစဉ်ရဲ့ပွဲချိန် ၆၈ မိနစ်မှာ ဂွန်ဇာလိုဂါစီယာရဲ့ နေရာ လူစားလဲ ဝင်ရောက်ခဲ့ပြီး ၂၃ မိနစ်ကြာပွဲ ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ 

ဂွန်ဇာလိုဂါစီယာဟာ ဘတ်ပီ မပါဝင်နိုင်တဲ့ အချိန်မှာ ရီးရယ်လ်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ပြီး ခြေစွမ်းပြသနေတာပါ။

ဂွန်ဇာလိုဂါစီယာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ဂိုး သွင်းယူခဲ့တာ အပါအဝင် ဒီပြိုင်ပွဲမှာ ရီးရယ်လ် အသင်းအတွက် ၃ ဂိုး သွင်းယူထားပြီး ၁ ဂိုး ဖန်တီးထားပါတယ်။

ရီးရယ်လ်အသင်းနည်းပြ ဇာဘီအလွန်ဆိုဟာ ဘတ်ပီနဲ့ ဂွန်ဇာလိုဂါစီယာတို့ နှစ်ဦးကို အတူတွဲ ပွဲထွက်နိုင်မယ့် အလားအလာကို မေးမြန်းခံခဲ့ရပြီး သူကတော့ နောက်ပွဲအတွက် မပြင်ဆင်ရသေးဘူးလို့ ဖြေခဲ့ပါတယ်။
ရီးရယ်လ်နဲ့ ဒေါ့မွန်အသင်းရဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို ဇူလိုင် ၅ ရက်မှာ ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။ 

Source: Metro