CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ နောက်ခံ ကစားသမားဖြစ်တဲ့ စိုးမိုးကျော်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်က စတင်ပြီးတော့ ကစားသမားရဲ့ ဆန္ဒအလျောက် နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်း ပေးလိုက်ပြီဖြစ်တယ်လို့ ကလပ်အသင်းက အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်ယူနိုက်တက် အသင်းဟာ မြန်မာ့လက်ရွေးစင် နောက်ခံလူ စိုးမိုးကျော်ကို အားကစားနှင့် ကာယပညာသိပ္ပံအသင်း ကနေ ၂၀၂၁ ရာသီအတွက် ၂ နှစ် အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။

ဒါပေမယ့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွေဟာ ကျင်းပဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေတာကြောင့် ကစားသမားက စာချုပ် ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကို အသင်းဘက်ကလည်း လိုက်လျောပေးခဲ့တာ ဖြစ်ပါတယ်။

စိုးမိုးကျော်က “ကျေးဇူးတင်ပါတယ် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း။ အသင်းအတွက် တစ်ပွဲမှ မကန်ခဲ့ရပေမယ့်လည်း ရန်ကုန်အသင်းကို ချစ်မြတ်နိုးမိပါတယ်။ အသင်းကို ခေါ်ယူပေးခဲ့လို့လည်း အလွန်ဂုဏ်ယူမိပါတယ်။ အခွင့်သင့်မယ်ဆိုရင် လည်း ရန်ကုန်အသင်းမှာ လာရောက်ကစားချင်တယ်”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားခဲ့တာပါ။

အသက် ၂၂ နှစ်အရွယ်ရှိ စိုးမိုးကျော်ဟာ ရန်ကုန်ယူနိုက်တက်အသင်းကို မပြောင်းရွှေ့ခင် ဧရာဝတီယူနိုက်တက်အသင်းမှာ ကစားခဲ့ပြီး ၂၂ ပွဲ ပါဝင်ကစားခဲ့ကာ ၃ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ စိုးမိုးကျော်ဟာ မြန်မာ့လက်ရွေးစင်ရဲ့ သက်တမ်းလိုက် အသင်းတွေဖြစ်တဲ့ ယူ ၁၈ ၊ ယူ ၂၀ ၊ ယူ ၂၃ နဲ့ လက်ရွေးစင် အသင်းကြီးတွေမှာ ပါဝင်ကစားခဲ့တာပါ။

စိုးမိုးကျော်ဟာ မြန်မာ့လက်ရွေးစင် အသင်းအတွက် ၁၃ ပွဲ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက် အသင်းဟာ စိုးမိုးကျော် မတိုင်ခင်ကလည်း အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ မောင်မောင်လွင်ကို နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းပေးခဲ့တာပါ။

ကစားသမားတွေဟာ ပြည်တွင်းလိဂ် ပြိုင်ပွဲကျင်းပဖို့ မသေချာတဲ့အတွက် ပြည်ပထွက်ကစားဖို့ စိတ်အားထက်သန် နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်းတွေ ကျန်ရှိနေတာကြောင့် အခက်အခဲ ရှိနေတာပါ။ အဲ့ဒါကြောင့်လည်း ကစားသမားတွေဟာ အသင်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ကာ စာချုပ်ဖျက်သိမ်းပေးဖို့ တောင်းဆိုမှုတွေ ရှိနေတာလည်း ဖြစ် ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်က နောက်ဆုံး ကျင်းပနိုင်ခဲ့တာဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းက ၃ ကြိမ် မြောက်အဖြစ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Yangon United