CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄

ဗြိတိန်တင်းနစ်မယ် ရာဒူကာနူဟာ ကိုဗစ် ကူးစက်ခံထားရတာကြောင့် မူဘာဒါလာလို့ခေါ်တဲ့ ကမ္ဘာ့တင်းနစ် ချန်ပီယံရှစ် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့တယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

အသက်(၁၉)နှစ် အရွယ်ရှိ ရာဒူကာနူဟာ အိုလံပစ်ရွှေတံဆိပ်ဆုရ ဘန်ဆစ်နဲ့ အဘူဒါဘီမှာ သရုပ်ပြပွဲ ကစားရမှာ ဖြစ်ပါတယ်။ ရာဒူကာနူဟာ ကစားသမားဘဝ ပထမဆုံး ဂရမ်းဆလမ်းဆုဖလားကို ၂၀၂၁ ခုနှစ်က ကျင်းပခဲ့တဲ့ အမေရိကန် အိုးပန်းပြိုင်ပွဲ မှာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာတော့ ရာဒူကာနူဟာ ကိုဗစ်ကူးစက် ခံထားရတာကြောင့် သီးခြား နေထိုင်လျက်ရှိပါတယ်။

ဗြိတိန် တင်းနစ်မယ်ဟာ လာမယ့် ဇန်နဝါရီမှာ ကျင်းပမယ့် သြစတြေးလျ အိုးပန်းပြိုင်ပွဲ မတိုင်ခင်မှာ သွေးပူလေ့ကျင့်တဲ့ အနေနဲ့ WTA မဲလ်ဘုန်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။

ပုံ-ရာဒူကာနူကိုတွေ့ရစဉ်။(Eurosport)

ရာဒူကာနူက “အဘူဒါဘီမှာရှိတဲ့ ပရိသတ်တွေရှေ့မှာ ကစားဖို့ ကျမ အလွန်မျှော်လင့်ထားပါတယ်။ ကျမဟာ စည်းမျဉ်း စည်းကမ်းတွေအတိုင်း သီးခြား နေထိုင်နေပြီး မကြာခင် ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

မူဘာဒါလာ ကမ္ဘာ့တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ချန်ပီယံဆုကို ၂ ကြိမ်ရခဲ့တဲ့ ဗြိတိန်တင်းနစ် အကျော်အမော် အန်ဒီမာရေးလည်း ပါဝင် သရုပ်ပြမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထား ပါ တယ်။

စပိန်တင်းနစ် ကစားသမား ရာဖေးလ်နာဒယ်လ်ကတော့ ဒီပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး အကြို ဗိုလ်လုပွဲ အဆင့် ကနေ စတင် ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

မူဘာဒါလာ တင်းနစ်ပြိုင်ပွဲကို ပြီးခဲ့တဲ့နှစ်က ကိုဗစ်ကူးစက်မှုတွေကြောင့် မကျင်းပနိုင်ခဲ့ဘဲ ၂၀၁၉ ခုနှစ်က နောက်ဆုံး ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲရဲ့ အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲမှာတော့ ရာဖေးလ်နာဒယ်လ်က ချန်ပီယံဆုကို ရယူထားပြီး အမျိုးသမီး တစ်ဉီးချင်း ပြိုင်ပွဲမှာ ရှာရာပိုဗာက ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ကစားသမားကတော့ ရာဖေးလ်နာဒယ်လ်ဖြစ်ပြီး ၅ ကြိမ်အထိ ဗိုလ်စွဲထားတာလည်း ဖြစ်ပါတယ်။

Source: BBC