CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄

အသင်းဟောင်း ရီးရယ်လ် အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် အသေခံပြီး ကစားပေးသွားမယ်လို့ ရာမို့စ်က ပြောလိုက်ပါတယ်။

ရီးရယ်လ်နဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေကြတာလည်း ဖြစ်ပါတယ်။ ရာမို့စ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ရီးရယ်လ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ပီအက်စ်ဂျီ အသင်းကို အလွတ် နဲ့ ရောက်ရှိလာခဲ့တာပါ။

ဒါပေမယ့် စပိန်နောက်ခံလူဟာ ဒဏ်ရာကြောင့် ပီအက်စ်ဂျီ အသင်းအတွက် ၁ ပွဲသာ ပါဝင် ကစားထားရတာ ဖြစ်ပါတယ်။

ရာမို့စ်ကတော့ ရီးရယ်လ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြင်သစ်ကလပ်အတွက် ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။ ပီအက်စ်ဂျီ အသင်းဟာ အစောပိုင်းက ချန်ပီယံလိဂ် မဲခွဲမှုမှာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ တွေ့ဆုံခဲ့ပေမယ့် နောက် ပိုင်း မဲပြန်ခွဲခဲ့တာမှာတော့ ရီးရယ်လ်အသင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ပုံ-ရာမို့စ်ကိုတွေ့ရစဉ်။(MARCA)

ရာမို့စ်က “ရီးရယ်လ်အတွက် ကျနော့်ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ချစ်ခင်မှုတွေကို ခင်ဗျားတို့ သိပါတယ်။ အခု ပီအက်စ်ဂျီကို ကာကွယ်ပေးဖို့ အလှည့်ကျရောက်ပါပြီ။ ကျနော် အတက်နိုင်ဆုံး အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ပီအက်စ်ဂျီက ကျနော့် ကို လောင်းကြေးထပ်ပြီး ခေါ်ယူခဲ့တာပါ”လို့ ပြောပါတယ်။

ဒါ့အပြင် ရာမို့စ်က“အဲ့ဒါကြောင့် ပီအက်စ်ဂျီအတွက် အသေခံပြီး ကစားသွားမှာပါ။ ရီးရယ်လ်နဲ့ ဒီလို ထိပ်တိုက် ရင်ဆိုင်တာမျိုး တော့ မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ဘာနေဗျူးကို ပြန်ရမှာက အလွန်ပျော်ရွှင်ဖို့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုဗစ် ကန့်သတ်ချက်တွေကြောင့် အမှန်တကယ် နှုတ်ဆက်ခွင့် မရခဲ့လို့ပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာတွေကြောင့် ပီအက်စ်ဂျီအတွက် ကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့အပေါ် ရာမို့စ်က “အခုအချိန်မှာ ကစားသမားတစ်ဦးလို ပြန်ခံစားရဖို့က အရေးကြီးပါတယ်။ နာရီပေါင်းများစွာ အမှောင်ထုတွေနဲ့ အထီးကျန်မှုတွေ ရှိခဲ့ပါတယ်။ ဒါတွေကပဲ စိန်ခေါ်မှု တွေကို ကျော်လွှားနိုင်ဖို့ အကူအညီ ဖြစ်ခဲ့တာပါ။ ဒီမှာ မိသားစုက အဆင်ပြေနေပါပြီ။ ပြိုင်ပွဲတွေ ထပ်ကစားရမယ်လို့ တွေးမိ ပြီး ပြုံးမိပြန်ပါတယ်”လို့ ပြောခဲ့တာပါ။

ရာမို့စ်ဟာ ရီးရယ်လ်အသင်းမှာ ၁၆ နှစ်ကြာ ကစားခဲ့တာဖြစ်ပြီး လာလီဂါဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါ အဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal.com