၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁
မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အောင်သူဟာ ထိုင်းလိဂ်ကလပ် ဘူရီယမ်ယူနိုက်တက် အသင်းမှာပဲ ဆက်နေ ချင်တယ်လို့ ပြောလိုက်ပါတယ်။
ဘူရီယမ်အသင်းဟာ သူတို့ရဲ့ YouTube မှာ အောင်သူ အပါအဝင် ကစားသမားအချို့နဲ့ အသင်းပိုင်ရှင် တွေ့ဆုံခဲ့တဲ့ ဗီဒီယိုဖိုင် ကို တင်ခဲ့တာဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုမှာ အသင်းပိုင်ရှင်က အောင်သူကို အသင်းမှာ ဆက်နေချင်လား ဒါမှမဟုတ် အသင်းကနေ ထွက်ခွာချင်လားလို့ မေးမြန်းခဲ့တာမှာတော့ အောင်သူက ဒီမှာပဲ ဆက်နေချင်တယ်လို့ ပြောခဲ့တာပါ။ ဒီအချိန်မှာ အသင်းပိုင်ရှင်ကလည်း အောင်သူ ရဲ့ ခေါင်းကို ပုတ်ပြီး ဆက်နေလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။
အောင်သူဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြန်မာနေရှင်လိဂ်ကလပ် ရတနာပုံအသင်းကနေ ထိုင်းလိဂ် အသင်းကြီး တစ်သင်း ဖြစ်တဲ့ ဘူရီယမ်ယူနိုက်တက်အသင်းကို အမေရိကန်ဒေါ်လာ ၅ သောင်းနဲ့ အပြီးသတ် ပြောင်းရွှေ့ လာခဲ့တာပါ။
အခု နောက်ပိုင်းပွဲစဉ်တွေမှာ အောင်သူဟာ ထိုင်းကလပ်အတွက် ပွဲထွက်ခွင့် ရလာခဲ့တာဖြစ်ပြီး အသင်းဖော်တွေနဲ့ အတွဲမိကာ ခြေစွမ်းပြသ လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အောင်သူဟာ ဘူရီယမ်ယူနိုက်တက် အသင်းအတွက် အခုအချိန်အထိ ၁၉ ပွဲ ပါဝင် ကစားထားပြီး ၄ ဂိုးသွင်းယူထားတာပါ။
ပုံ-အောင်သူကိုတွေ့ရစဉ်။(Buriram United)
ဘူရီယမ်အသင်းမှာ အောင်သူကို ပုံမှန်ပွဲထွက်ခွင့်ပေးတဲ့ နည်းပြ ဂါမာဟာ အသင်းကနေ ထွက်ခွာ သွားတာကြောင့် ကစား သမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အနည်းငယ် လှုပ်ခတ်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းပိုင်ရှင်ရဲ့ ပြောဆိုမှု ကြောင့် အောင်သူဟာ ထိုင်းကလပ်မှာ ဆက်ရှိဖို့ သေချာသွားခဲ့တာပါ။
အောင်သူဟာ ၂၀၁၈ ခုနှစ်ကတည်းက ထိုင်းလိဂ်မှာ သွားရောက် ကစားခဲ့တာဖြစ်ပြီး ပူးလိစ်တယ်ရို၊ မြောင်တောင်ယူနိုက် တက် အသင်းတွေမှာ အငှားနဲ့ ကစားခဲ့တာပါ။ အခုအချိန်မှာတော့ ဘူရီယမ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာ ဖြစ် ပါတယ်။
ဘူရီယမ် အသင်းဟာ ထိုင်းလိဂ်ဝမ်းရဲ့ ပွဲစဉ် ၁၅ ပွဲ ကစားပြီးချိန်မှာ ဘန်ကောက်ယူနိုက်တက် အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြား ချက်ကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ အောင်သူသည် လက်ရှိအချိန်မှာ မြန်မာ့ လက်ရွေးစင် အသင်းအတွက် ပါဝင်မကစားဖို့ ဆုံးဖြတ်ထားတာကြောင့် ဆူဇူကီးပြိုင်ပွဲဝင်နေတဲ့ လက်ရွေးစင်အသင်း လူ စာရင်းမှာ မပါဝင်ပါဘူး။
Source: Buriram United Youtube