၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ရက်ဂ်နစ်ကတော့ ပေါ့ဘာအနေနဲ့ နွေရာသီမှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာချင်တယ်ဆိုရင် ထွက်ခွာနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဂျာမန်လူမျိုးနည်းပြက ပေါ့ဘာအနေနဲ့အသင်းက ထွက်ခွာချင်တယ်ဆိုရင် ဆက်နေအောင် စည်းရုံးသိမ်းသွင်းမှာ မဟုတ်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ ဒဏ်ရာပြဿနာကို ၃ ပတ်ကြာ ကုသခဲ့ပြီးနောက် သောကြာ နေ့က ဒူဘိုင်းကနေ ပြန်လာခဲ့တာပါ။ ရက်ဂ်နစ်က ဒဏ်ရာရကစားသမားတွေဟာ ကာရင်တန်မှာပဲ ကုသရမယ်လို့ လည်း သတိပေးခဲ့တာဖြစ်ပါတယ်။

၂၀၁၆ က ပေါင် ၈၉ သန်းနဲ့ ဂျုဗင်တပ်စ်ကနေ ပြန်လည်ရောက်ရှိလာတဲ့ ပေါ့ဘာနဲ့ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာပါ။ အဲဒါကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြင်သစ် ကစားသမားကို ဒုတိယအကြိမ်မြောက် အလွတ်နဲ့ ဆုံးရှုံးရဖွယ်ရှိနေတာဖြစ်ပါတယ်။ ရက်ဂ်နစ် က “ကစားသမား တွေဟာ မန်ချက်စတာယူနိုက်တက်လို အသင်းကြီးမှာ ကစားချင်ပြီး ဆက်လည်းရှိချင်ကြပါတယ်။ ကစားသမား အနေနဲ့အသင်းမှာ ကာလကြာရှည်မကစားချင်ဘူးဆိုရင်တော့ သူ့စိတ်ကိုပြောင်းဖို့ သိမ်းသွင်းစည်းရုံးတာက အဓိပ္ပါယ်မရှိဘူးလို့ ထင်ပါတယ်။ အသင်းမှာ ဘယ်သူကမှ ကစားသမားတစ်ယောက်ကိုဆက်နေဖို့ စည်းရုံးသိမ်း သွင်းဖို့ မကြိုးစားသင့်ဘူးလို့ ထင်ကြောင်း” ပြောခဲ့တာပါ။

ရက်ဂ်နစ် ဟာ  အင်္ဂါနေ့က ပေါ့ဘာနဲ့ ဖုန်းဆက်စကားပြောခဲ့ပြီး တနင်္ဂနွေနေ့မှာ မျက်နှာချင်းဆိုင်တွေ့ဆုံမှာလည်း ဖြစ်ပါတယ်။ ပေါ့ဘာဟာ သူ့ရဲ့ ဒူးဒဏ်ရာပြဿနာကို ဒူဘိုင်းမှာ ကုသမှုခံယူခဲ့တာဖြစ်ပြီး နည်းပြကတော့ အနာ ဂတ်မှာ ဒဏ်ရာရကစားသမားတွေကို အသင်းမှာပဲ ကုသစေချင်နေတာပါ။ ရက်ဂ်နစ် က “ကစားသမားတွေရဲ့      ဒဏ်ရာအခြေအနေကို နိုင်ငံရပ်ခြား ဒါမှမဟုတ် အခြားနေရာတွေမှာ သွားရောက်ကုသတာကို ကျနော် မလိုချင် ပါဘူး။ ဒါပေမယ့် ပေါ့ဘာရဲ့ဆုံးဖြတ်ချက်ကတော့ ကျနော်မလာခင် ဆုံးဖြတ်ခဲ့တာပါ။ ကျနော် ဆေးဘက်ဆိုင်ရာ ဌာနနဲ့ စကားပြောဆိုပြီးသွားပါပြီ။ အနာဂတ်မှာ ဒဏ်ရာရကစားသမားတွေကို ဒီမှာပဲ ဆက်ရှိစေချင်တယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရက်ဂ်နစ်ရဲ့ လက်ထက်မှာ ပရီးမီးယားလိဂ် ၁ ပွဲနဲ့ ချန်ပီယံလိဂ် ၁ ပွဲ ကစား ထားပြီး ၁ ပွဲနိုင် ၁ ပွဲသရေကျထားတာဖြစ်ပါတယ်။ ရက်ဂ်နစ်ဟာ ယန်းဘွိုင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာဆိုရင် အဓိက ကစားသမားအများအပြားကို အနားပေးခဲ့ပြီး အကယ်ဒမီထွက် လူငယ်ကစားသမားတွေနဲ့ ဂိုးသမား တွမ် ဟီတန်ကိုပါ အသုံးပြုသွားခဲ့တာဖြစ်ပါတယ်။

Source: Daily Mail