CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်အသင်းတိုက်စစ်မှူး ဟာလန်း ပြောင်းရွှေ့နိုင်တဲ့ အသင်း ၄ သင်းကို အေးဂျင့် ရွိုင်အိုလာက ပြောသွားခဲ့ပါတယ်။
နော်ဝေလက်ရွေးစင် တိုက်စစ်မှူးဟာ ဒေါ့မွန်အသင်းအတွက် ၇၂ ပွဲကစားပြီး ၇၄ ဂိုးသွင်းယူနိုင်ခဲ့တဲ့ သူ့ရဲ့ ဂိုးသွင်း စွမ်းရည်ကြောင့် ထိပ်တန်းအသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို ခံခဲ့ရတာပါ။ အေးဂျင့် ရွိုင်အိုလာကတော့ ဟာလန်း ရဲ့အပြောင်းအရွှေ့ဟာ အခု ရာသီအကုန်မှာဖြစ်နိုင်တယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရွိုင်အိုလာ က “ဒီနွေရာသီဖြစ်နိုင်သလို နောက်နွေရာသီမှာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဟာလန်းဟာ ဒီ နွေရာသီမှာ အသင်းက ထွက်ခွာနိုင်တဲ့ အခွင့်အရေးကောင်းတခုရှိပါတယ်။ ကျနော်တို့ ဒါကိုတွေ့ရမှာပါ။ ဘိုင်ယန်၊ ရီးရယ်လ်၊ ဘာစီလိုနာနဲ့ မန်စီးတီးအသင်းတို့က သူသွားနိုင်တဲ့အသင်းတွေပါ။ မန်စီးတီးအသင်းဟာ မကြာသေးခင် နှစ်တွေက ချန်ပီယံဆုဖလားကို ၅ ကြိမ်ရယူထားပြီး မန်ချက်စတာယူနိုက်တက်ထက်ကို သိသိသာသာ သာလွန် နေခဲ့တာပါ။ ဒေါ့မွန်ကို ပြောင်းရွှေ့တဲ့အချိန်မှာ ဒီလိုအဆင့်ကို ရောက်လာမယ်ဆိုတာကို အားလုံးသိပြီးသားပါလို့” Sport 1 နဲ့ အင်တာဗျုးမှာ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက ဟာရီကိန်းကို ခေါ်ယူလို့ အဆင်မပြေခဲ့တာကြောင့် ဟာလန်းကို ခေါ်ယူ နိုင်ဖို့ပစ်မှတ်ထားနေတာပါ။ ရီးရယ်လ်အသင်းကလည်း လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ နာမည်ကြီး ကစား သမားတွေကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ စပိန်ကလပ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဘတ်ပီကို အလွတ်နဲ့ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာပါ။ ဘာစီလိုနာအသင်းကတော့ သူတို့ရဲ့ ဆိုးရွားလှတဲ့ ဘဏ္ဍာရေးအခက်အခဲကြောင့် ဟာလန်းကိုခေါ်ယူဖို့ အခွင့်အရေးနည်းပါးနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ဒီဂျောင်၊ ဒတ်စ်နဲ့ တာစတီဂျန်တို့ကို ရောင်းချပြီး ပြောင်းရွှေ့ကြေးရှာဖွေကာ နော်ဝေကစားသမားကို ချဉ်းကပ်ဖွယ်ရှိနေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကလည်း တိုက်စစ်မှူး လီဝန်ဒေါစကီး ရဲ့နေရာမှာ ဟာလန်းကို ရေရှည်အစားထိုးဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဒဏ်ရာကနေ သက်သာလာပြီး ဒေါ့မွန်အတွက် ဝင်ရောက်ကစားနေတဲ့ ဟာလန်းဟာ ဒီရာသီမှာ ဂျာမန်ကလပ်အတွက် ၁၂ ပွဲ ပါဝင်ကစားထားပြီး ၁၇ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
Source: Sportbible