CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁
ဗြိတိန်တင်းနစ် ကစားသမား အန်ဒီမာရေးဟာ လာမယ့် ၂၀၂၂ ရာသီအတွက် ပြင်ဆင်နေချိန်မှာပဲ သူ့ရဲ့ ကာလကြာရှည် နည်းပြဖြစ်တဲ့ ဒဲလ်ဂါဒိုနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။
အသက် (၃၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အန်ဒီမာရေးဟာ ဒဲလ်ဂါဒိုကို ၂၀၁၆ ရာသီမှာ သူ့ရဲ့ အသင်းထဲကို ခေါ်ဆောင်ခဲ့တာဖြစ်ပြီး ဗြိတိန်ကစားသမားဟာ ဝင်ဘယ်လ်ဒန် ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့သလို ကမ္ဘာ့နံပတ် (၁) ကစားသမား အဖြစ် ရာသီသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ နောက်ပိုင်းမှာ အန်ဒီမာရေးက အိုင်ဗန်နဲ့ လက်တွဲ ဖြုတ်ခဲ့ပြီး အသက်(၄၄) နှစ်အရွယ်ရှိ ဒဲလ်ဂါဒိုကို သူ့ရဲ့ အမြဲတမ်း နည်းပြအဖြစ် လက်တွဲခဲ့ပါတယ်။
အခုအခါမှာတော့ အန်ဒီမာရေးဟာ မွန်ဖေးလ်စ်၊ ဆီမွန်နဲ့ နီကိုလတ်စ်တို့ကို နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဂျာမန်လူမျိုး ဂျန်ဒီဝတ်ဒ်နဲ့လည်း စမ်းသပ်လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဂရမ်းစလမ်းချန်ပီယံဆုကို (၃)ကြိမ် ရရှိထားတဲ့ အန်ဒီမာရေးဟာ မကြာသေးခင်က ကွန်တာရဲ့ နည်းပြဟောင်း ကာရေးလ်နဲ့လည်း လက်တွဲခဲ့ပေမယ့် သူ့ကို လာမယ့်နှစ် ပြိုင်ပွဲဝင်မယ့် ဗြိတိန်ကစားသမားရဲ့ အသင်းမှာ မပါဝင်တာလည်း ဖြစ်ပါတယ်။
ပုံ- နည်းပြ ဒဲလ်ဂါဒိုနဲ့ အန်ဒီမာရေးကိုတွေ့ရစဉ်။ (Eurosport)
ဂျန်ဒီဝတ်ဒ်ဟာ ကမ္ဘာ့နံပတ်(၁) ကစားသမားဟောင်းနဲ့ ရိုဟမ်တန်ရှိ နေရှင်းနယ် တင်းနစ်စင်တာမှာ ရက်အနည်းငယ်ကြာ အတူတွဲ အလုပ်လုပ်ခဲ့တာပါ။ဒါ့အပြင် သူဟာ အန်ဒီမာရေးနဲ့အတူ မူဘာဒါလာ ကမ္ဘာ့တင်းနစ် ချန်ပီယံရှစ် ပြိုင်ပွဲကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
အဆိုပါပြိုင်ပွဲမှာ ဗြိတိန်ရဲ့ အမေရိကန်အိုးပန်း ချန်ပီယံ ရာဒူကာနူလည်း ပါဝင်နေပြီး အန်ဒီမာရေးက ရာသီသစ်အတွက် ပြင်ဆင်မှုတွေမှာ အကူအညီ ပေးနေတာပါ။ အန်ဒီမာရေးဟာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီက ပြင်းထန်တဲ့ တင်ပါးခွဲစိတ်မှု ပြုလုပ်ခဲ့ ပြီးနောက် သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် စတင်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အန်ဒီမာရေးဟာ ကမ္ဘာ့အဆင့် (၁၃၅)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ သတင်းတွေအရ ဒဲလ်ဂါဒို ဟာ အခုနှစ်အစောပိုင်းက အန်ဒီမာရေးကို ဝင်ဘယ်လ်ဒန်အိုးပန်း တတိယအဆင့်မှာ အနိုင်ရခဲ့တဲ့ ကနေဒါနိုင်ငံသား ရှာပိုဗာလော့ဗ်နဲ့ စတင် အလုပ်လုပ်ဖို့ စီစဉ်နေတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။
Source: BBC