၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆
မြန်မာအသင်းနည်းပြ အန်တွမ်နီဟေး က စင်ကာပူအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းကိုယ်တိုင် က အမှား အယွင်းတွေပြုလုပ်ခဲ့တာလို့ ပြောဆိုလိုက်ပါတယ်။
မြန်မာအသင်းဟာ ဒီဇင်ဘာလ ၅ ရက်နေ့က အာဆီယံဆူဇူကီးဖလား အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်စင်ကာပူ အသင်းနဲ့ကစားခဲ့ရာ ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရတာပါ။ မြန်မာအသင်းအနေနဲ့ ပွဲမတိုင်ခင်က ကိုဗစ်ပြဿနာတွေနဲ့ ဒဏ်ရာပြဿနာတွေရှိခဲ့လို့ ကစားသမားအစုံအလင် မရှိဘူးလို့ ပြောဆိုခဲ့ပေမယ့် ဒီပွဲမှာ ကိုဗစ်ကူးစက်ခံထားရတဲ့ တိုက်စစ်မှူး သန်းပိုင်က လွဲပြီး အားလုံးနီးပါး လူစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာအသင်းဟာ ပထမပိုင်းမှာ အိမ်ရှင်စင်ကာပူအသင်းရဲ့အမြင့်ဘောကို ဖျက်ထုတ်ရာမှာ အားနည်း ခဲ့တာကြောင့် ခေါင်းတိုက်သွင်းဂိုး ၂ ဂိုးကို အသွင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။ စင်ကာပူအသင်းဟာ ပထမပိုင်းမှာ တင် မြန်မာအသင်းကို ၃ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ ကစားကွက်ပြောင်းလဲ ကစားခဲ့တာ ကြောင့် အိမ်ရှင်အသင်းဘက်ကို ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက် ကန်သွင်းချက် နည်း ခဲ့တဲ့အတွက် အဖွင့်ပွဲစဉ်မှာ အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။
အန်တွမ်နီဟေး က “မြန်မာလိဂ်ရဲ့နောက်ဆုံးပွဲစဉ်က ၂၀၂၀ အောက်တိုဘာလက ဖြစ်တဲ့အတွက် လေ့ကျင့်မှုတွေ အားနည်းခဲ့ပါတယ်။ ကစားသမားတွေဟာ သူတို့ရသင့်တဲ့ ပွဲစဉ်တွေရဲ့စည်းချက်တွေ မရှိလို့ ပထမပိုင်း ၄၅ မိနစ်မှာ ကျနော်တို့ကို နစ်နာစေတယ်ဆိုတာကို သိပါတယ်။ ထောင့်ကန်ဘောတွေမှာ ကျနော်တို့ရဲ့ ကာကွယ်မှုက ဆိုးဝါးခဲ့ပါတယ်။ ကောင်တာကနေ ဘောလုံးရတဲ့အခါမှာ ကျနော်တို့ရဲ့ကစားပုံက မဆိုးခဲ့ပါဘူး”လို့ ပြောပါတယ်။
ဒါ့အပြင် အန်တွမ်နီဟေး က “ဒါပေမယ့် စင်ကာပူရဲ့ကစားနည်း အဆင့်အတန်းကြောင့် ကျနော်တို့ အနိုင်မရ ခဲ့ပါဘူး။ ဒါတွေဟာ ကျနော်တို့ကိုယ်တိုင် အမှားအယွင်းတွေလုပ်ခဲ့တာပါ”လို့ ဆက်ပြောခဲ့ပါတယ်။
စင်ကာပူ အသင်းနည်းပြကတော့ အနိုင် ၃ မှတ်ရပြီး စွမ်းဆောင်ရည်အတွက် ဂုဏ်ယူပေမယ့် ဒီထက်ပိုပြီး တိုးတက်ကောင်းမွန်အောင် လုပ်နိုင်တယ်ဆိုတာ သိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
မြန်မာအသင်းရဲ့အုပ်စုတွင်း ပွဲစဉ်ဖြစ်တဲ့ ထိုင်းနဲ့တီမောတို့ပွဲမှာ ထိုင်းအသင်းက ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ ပါတယ်။ ဒီဇင်ဘာလ ၈ ရက်မှာတော့ မြန်မာအသင်းဟာ အုပ်စု ဒုတိယမြောက်ပွဲစဉ်အဖြစ် တီမောအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: affsuzukicup