၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆
ဂျုဗင်တပ်စ်အသင်းရဲ့ ကစားသမား ကွာဒရာဒိုဟာ ဂျီနိုအာအသင်းကို အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ထောင့်ကန် ဘောကနေ တိုက်ရိုက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂျုဗင်တပ်စ်အသင်းဟာ ဂျီနိုအာအသင်းကို ၂ဂိုး-ဂိုးမရှိနဲ့ သက်သောင့်သက်သာအနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
ဂျုဗင်တပ်စ်အသင်းအတွက် ဒုတိယဂိုးကို ဒိုင်ဘားလားက သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ကိုလံဘီယာ ကစားသမားဟာ အဲဒီပွဲချိန် ၉ မိနစ်မှာ ရရှိတဲ့ ထောင့်ကန်ဘောကို ကန်သွင်းခဲ့ရာမှ ဘောလုံးဟာ ဝေ့ဝိုက်ပြီး ဂျီနိုအာရဲ့ ဂိုးသမား ဆီရီဂူကိုပါ ကိုကျော်ကာ ဂိုးထဲကို တိုက်ရိုက်ဝင်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ၂၀၁၀ နောက်ပိုင်း စီးရီးအေပြိုင်ပွဲမှာ ထောင့်ကန်ဘောကနေ တိုက်ရိုက်ဂိုးသွင်းတဲ့ ၈ ဂိုးမြောက်ဂိုးလည်း ဖြစ်ခဲ့တာပါ။ ကွာဒရာဒိုရဲ့ဂိုးဟာ အခုတစ်ပတ်အတွင်း စီးရီးအေပြိုင်ပွဲမှာ ထောင့်ကန်ဘောကနေ တိုက်ရိုက် သွင်းယူတဲ့ ဒုတိယမြောက်ဂိုးလည်းဖြစ်ခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်အသင်းက ရိုးမားအသင်းကို ၃ဂိုး-ဂိုး မရှိနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာလည်း အင်တာမီလန်အသင်းက ကစားသမားကယ်လ်ဟန်နိုဂလူး က ထောင့်ကန် ဘောကနေ တိုက်ရိုက်ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဂျုဗင်တပ်စ်အသင်းဟာ ဒီ နိုင်ပွဲကြောင့် ရမှတ် ၂၇ မှတ်နဲ့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာကို ရောက်ရှိ လာခဲ့ပြီး အဆင့် ၄ နေရာက အတ္တလန္တာအသင်းနဲ့ ၇ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်း နည်းပြ အယ်လီဂရီအတွက်တော့ ဒီ နိုင်ပွဲဟာ စီးရီးအေနည်းပြဘဝ ပွဲပေါင်း ၂၅၀ မြောက်နိုင်ပွဲလည်း ဖြစ်လာခဲ့ ပါတယ်။ ဒီထဲမှာ ဂျုဗင်တပ်စ်အသင်းအတွက် နိုင်ပွဲ ၁၅၀ ယူပေးထားတာပါ။ ရှက်ဗ်ချန်ကို အတွက်ကတော့ ဂျီနိုအာအသင်း နည်းပြဘဝမှာ ပထမဆုံးနိုင်ပွဲရဖို့ စောင့်ဆိုင်းနေရတာဖြစ်ပြီး အသင်းဟာ ရမှတ် ၁၀ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဂျုဗင်တပ်စ်အသင်းဟာ ဂျီနိုအာအသင်းကို ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ပြီး ဂိုးပေါက် ကို ၂၇ ကြိမ်အထိ ကန်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဂျီနိုအာအသင်းကတော့ ဂိုးပေါက်ကန်သွင်းမှုတောင် မပြုလုပ်နိုင်ခဲ့ပါဘူး။ ဂျုဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီနဲ့ တိုက်စစ်မှူး မိုရာတာတို့ဟာ လူစားလဲချိန် ကွင်းဘေးစည်းမှာ အငြင်းအခုံဖြစ်ခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ အခုနှစ်ရာသီ အစပိုင်းက ရလဒ်ဆိုးတွေကြောင့် တန်းဆင်းဇုန်အထိရောက်ရှိခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းဟာ နောက်ပိုင်းပွဲတွေမှာ ရလဒ် ပိုင်းတွေ ပြန်လည်ကောင်း မွန်လာခဲ့လို့ အမှတ်ပေးဇယား အထက်ပိုင်းကို ပြန်လည်တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါတယ်။
စီးရီးအေ ချန်ပီယံဟောင်း ဂျုဗင်တပ်စ်အသင်းဟာ အခု လာမယ့် ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မယ်လ်မို၊ လာမယ့်အပတ်မှာတော့ စီးရီးအေပွဲစဉ်အဖြစ် ဗီနီစီယာအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Daily Mail