CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆

ဆွာရက်စ်က အသင်းဖော်ဟောင်း မက်ဆီဟာ ပြင်သစ်မှာ အအေးဒဏ်ကို ခံစားနေရတယ်လို့ ပြောလိုက်ပါတယ်။ အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်ကြတဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း(၂)ဦးဟာ သီးသန့် စကား ပြောဆိုပြီးနောက် ပီအက်စ်ဂျီ ကစားသမားက ပတ်ဝန်းကျင်အသစ်မှာ သူ့ရဲ့နေထိုင်ပုံကို ပြောခဲ့တာဖြစ်ကြောင်း ဥရုဂွေးကစားသမားက ဖွင့်ဟခဲ့တာပါ။

မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းရဲ့ဘဏ္ဍာရေး အခက်အခဲတွေကြောင့် ပီအက်စ်ဂျီအသင်းထံ အလွတ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနား ကစားသမားဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်းကို နူးကမ့်ပ် မှာ သက်သေ ပြသနိုင်ခဲ့ပေမယ့် ပြင်သစ်ကလပ်မှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတာပါ။ ဆွာရက်စ် က တော့ ရာသီဥတုပြောင်းလဲမှုဟာ မက်ဆီရဲ့ စွမ်းဆောင်ရည်ကို နိမ့်ကျစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ကြောင်း ပြောလိုက်ပါတယ်။

အသလက်တီကို တိုက်စစ်မှူး ဆွာရက်စ်နဲ့ မက်ဆီတို့ဟာ ဘာစီလိုနာ အသင်းမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၂ အထိ အတူတွဲ ကစားပြီး ဆုဖလား အများအပြား ရယူပေးခဲ့ကြသူများ ဖြစ်ပါတယ်။

ပုံ-မက်ဆီကို ဘောလွန်းဒီအောဆု ပေးအပ်နေတဲ့ ဆွာရက်စ်(SPORTbible)

ဆွာရက်စ်က “ မက်ဆီနဲ့ ကျနော် နေ့တိုင်း စကားပြော ဖြစ်ပါတယ်။ ကျနော်တို့ဟာ ကစားသမားတွေ ဖြစ်တဲ့အတွက် မျှော်လင့်ချက်တွေကို အမြဲတမ်း ရှောင်ရှားနိုင်ဖို့ ကြိုးစားခဲ့ ကြပါတယ်။ ဒီလို အခိုက်အတန့်တွေမှာ ဘယ်လိုလုပ်ရမလဲဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်တို့ဟာ ပွဲတွေအကြောင်းနဲ့ မိသားစုတွေအကြောင်း ပြောဖြစ်ကြပါတယ်။ နှင်းတွေနဲ့အတူ အေးတဲ့နေရာမှာ ကစားရတာဟာ သူ့ကို ဒုက္ခရောက်စေတယ်လို့ မက်ဆီက ကျနော့်ကို ပြောခဲ့ပါတယ်။ အေးတဲ့ရာသီကို ကောင်းကောင်း နားလည်ထားရမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့အတူ ကိုပါအမေရိကဖလား ရယူခဲ့တဲ့ မက်ဆီဟာ ပီအက်စ်ဂျီ အသင်းအတွက် ပွဲပေါင်း ၁၂ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူကာ ၃ ဂိုး ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ ပြင်သစ် လီဂူးဝမ်း ပွဲစဉ် ၂ ပွဲဆက် သရေကျထားတာဖြစ်ပြီး ဒီ ၂ ပွဲလုံးမှာ မက်ဆီဟာ ကောင်းမွန်တဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့ခြင်း မရှိပါ ဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဘောလွန်းဒီအောဆုကို ၇ ကြိမ် ရထားတဲ့ မက်ဆီအနေနဲ့ ကြားရက်မှာ ကစားမယ့် ကလပ်ဘရုဂျ်နဲ့ ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ အခွင့်အရေး ရှိနေတာလည်း ဖြစ်ပါတယ်။

Source: Goal.com