CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆

ဒေါ့မွန် အသင်းကွင်းလယ် ကစားသမား ဘယ်လင်ဂမ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ လုပ်ပွဲလုပ်တဲ့ ဒိုင်လူကြီးကို ခန့်ထားမှတော့ ဘာကို မျှော်လင့်နေရမှာလဲဆိုတဲ့ မှတ်ချက်ကြောင့် ဂျာမန်ဘောလုံးလိဂ်ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရပြီ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ဒေါ့မွန်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ ကွင်းလယ်ဒိုင်လူကြီးဟာ ဒေါ့မွန် ကစားသမား မာကိုရူးစ်ကို လူးကပ်စ်ဟာနန်ဒတ်က ဧရိယာထဲမှာ ပြစ်ဒဏ်ကျုးလွန်ခဲ့တဲ့အပေါ် ပင်နယ်တီအဖြစ် မသတ်မှတ်ခဲ့တာပါ။

ဒါပေမယ့် ဒေါ့မွန်အသင်း နောက်ခံလူ ဟမ်းမဲလ် ဧရိယာထဲမှာ လက်နဲ့ထိခဲ့တာကိုတော့ ပင်နယ်တီအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီပင်နယ်တီကို လီဝန်ဒေါစကီးက သွင်းယူနိုင်ခဲ့လို့ ဒေါ့မွန်အသင်း အရေးနိမ့်သွားခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ် အသင်းနဲ့လည်း ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ (၄)မှတ်ကွာဟ သွားခဲ့တာပါ။ ပွဲအပြီး ပြုလုပ်တဲ့ အင်တာဗျူးမှာ ဘယ်လင်ဂမ်ဟာ လုပ်ပွဲလုပ်ခဲ့တဲ့ ဒိုင် လူကြီးကို ဒီပွဲအတွက် တာဝန်ပေးခဲ့လို့ ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လင်ဂမ်က “ဒါဟာ ကျနော့်အတွက်တော့ ပင်နယ်တီ မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ သိလား။ ဟမ်းမဲလ်က ဘောလုံး ကိုတောင် မကြည့်ဘူး။ ဘောလုံးကို ရဖို့ပဲ ကြိုးစားနေတယ်။ ဘောလုံးက သူ့ကို လာထိတာပါ”လို့ ပြောပါတယ်။

ပုံ- ဘယ်လင်ဂမ်နဲ့ ဒိုင်လူကြီးဖိလစ်ကိုတွေ့ရစဉ်။ (News Centric)

အင်္ဂလန်ကစားသမားက ဆက်ပြီး “ဒီပွဲက ဆုံးဖြတ်ချက်တွေ အများကြီးကို ကြည့်လို့ရပါတယ်။ ဂျာမနီရဲ့ အကြီးမားဆုံးပွဲကို မစခင်မှာ လုပ်ပွဲလုပ်ခဲ့တဲ့ ဒိုင်လူကြီးကို ခန့်ထားမှတော့ ဘာကို မျှော်လင့်နေရမှာလဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာ ဂျာမန်ဘောလုံးအဖွဲ့ချုပ် ဒိုင်လူကြီး မာကိုဟာဆီက ဘယ်လင်ဂမ်ရဲ့ ပွဲအပြီး ပြောခဲ့တဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး တိုင်ကြားထားတယ်လို့ Bild က ဖော်ပြထားပါတယ်။ ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထိန်းချုပ်ရေး ကော်မတီ အကြီးအကဲ အန်တန်က အသက် (၁၈)နှစ်အရွယ်ရှိ ကစားသမားကို စုံစမ်းစစ် ဆေးနေတယ်လို့ အတည်ပြုထားပါတယ်။

ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ရဲ့ ပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ ဖိလစ်ဟာ ၂၀၀၅ ခုနှစ်တုန်းက ဒုတိယတန်း ဒိုင်လူကြီး ရော်ဘတ်ဆီကနေ လုပ်ပွဲပြုလုပ်ဖို့အတွက် ပေးအပ်တဲ့ ငွေ ကြေးကို လက်ခံခဲ့တာကြောင့် (၆)လကြာ ပွဲပယ်ပြစ်ဒဏ် ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ အသက် (၄၀)အရွယ်ရှိ ကွင်းလယ်ဒိုင်လူကြီးဟာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ကာကွယ်ပြောသွားခဲ့ ပါ တယ်။

ဖိလစ်က “ပုံမှန် အခြေအနေကတော့ ထောင့်ကန်ဘောပါပဲ။ ဟမ်းမဲလ်ရဲ့ ထိချက်ကို ပွဲထဲမှာ ကျနော်မြင်တွေ့ခဲ့ပါတယ်။ VAR နဲ့ ပြန်ကြည့်တဲ့ အချိန်မှာ ဟမ်းမဲလ်ဟာ သူ့ရဲ့လက် မောင်းကို သဘာဝ မကျစရာ အနေအထားနဲ့ ခန္ဓာကိုယ်ကနေ ခွာထားပါ တယ်”လို့ ပြောပါတယ်။

ဒ့ါအပြင် ဖိလစ်က “အဆုံးမှာ ဟမ်းမဲလ်ဟာ ဘောလုံးကို တံတောင်နဲ့ ရှင်းရှင်းလင်းလင်း လွှဲချခဲ့တာကြောင့် ပင်နယ်တီ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့တာလို့”ဖြေရှင်းထားတာ ဖြစ်ပါတယ်။

Source: Sport Bible.com