၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇
ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်တဲ့ စပါးအသင်းမှာ ကိုဗစ်ကူးစက်မှုတွေ ဖြစ်ပွားနေတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ ပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့စဉ် ကစားသမားတွေနဲ့ ဝန်ထမ်းတွေမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာလို့ Football London က ဖော်ပြခဲ့ပါတယ်။
အသင်းအနေနဲ့ ဘယ်လို ဆက်လက် လုပ်ဆောင်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေ မချခင်မှာ ဒီရလဒ်တွေကို အတည်ပြုနိုင်ဖို့ အတွက် ဒီဇင်ဘာ ၇ ရက်မှာ PCR စမ်းသပ်မှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ယူရိုပါကွန်းဖရန့်စ်လိဂ် ပြိုင်ပွဲ အဖြစ် ကြားရက်မှာ ရီးနတ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
PCR စစ်ဆေးမှုတွေဟာ ပွဲတွေကို သက်ရောက်မှု ရှိနိုင်တယ်လို့ အတည်ပြုခဲ့မယ်ဆိုရင် ပွဲတွေအတွက် ပြင်ဆင်မှုတွေဟာ လည်း ထိခိုက်လာနိုင်တာပါ။ စပါးအသင်းဟာ ဒီရာသီမှာ ကိုဗစ်ကူးစက်ခံရတာ ပထမဆုံးအကြိမ် မဟုတ်ခဲ့ဘဲ ရာသီမစခင် ကလည်း (၂)ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ နည်းပြသစ် ကွန်တီ ကိုင်တွယ်ပြီးနောက် လက်ရှိအချိန်မှာ ရလဒ်ပိုင်းတွေ ပြန်လည်ကောင်းမွန်လာခဲ့တာ ဖြစ်ပါတယ်။ လန်ဒန်ကလပ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲလုံး အနိုင်ရရှိခဲ့တာပါ။
ပုံ-စပါးအသင်းသားများကိုတွေ့ရစဉ်။(beIN SPORTS)
တနင်္ဂနွေက ကစားခဲ့တဲ့ ပွဲမှာဆိုရင် စပါးအသင်းဟာ ဆွန်ဟောင်မင်၊ လူးကပ်စ်မော်ရာ၊ ဒါဗစ်ဆန်ဆန်းချက်စ် တို့ရဲ့ ဂိုးတွေ ကြောင့် နော်ဝစ်ချ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ဒီလိုနိုင်ပွဲတွေကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၄ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ၂ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ နှင်းတွေ ထူထပ်နေတာကြောင့် ပွဲကစားဖို့ ရွှေ့ဆိုင်းခဲ့ရတဲ့ ဘန်လေအသင်းနဲ့ ကစားဖို့ ပွဲကျန်တစ်ပွဲ ကျန်ရှိ နေသေးတာပါ။
ကွန်တီရဲ့အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ် အုပ်စုပွဲစဉ်မှာ မူရာအသင်းကို အံ့အားသင့်ဖွယ် အရေး နိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် စပါးအသင်းဟာ နောက်တဆင့် တက်ချင်တယ်ဆိုရင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစား ရမယ့် ရီးနတ်စ်အသင်းနဲ့ပွဲမှာ အနိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ယူရိုပါကွန်းဖရန့်စ်လိဂ် အုပ်စုပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ် ရရှိထားပြီး တတိယနေရာက ဗီတက်ဆီအသင်းနဲ့ ရမှတ်တူနေတာပါ။
ဒါပေမယ့် စပါးအသင်းဟာ ဂိုးကွာခြားချက်ကြောင့် အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail