၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇

ဆမ်ဒိုးရီးယား အသင်းဥက္ကဋ္ဌ မက်ဆီမိုဖာရဲရိုဟာ မသမာတဲ့ ဒေဝါလီခံမှုမှာ ပါဝင်ပတ်သက်မှုနဲ့ တနင်္လာနေ့က ဖမ်းဆီးခံခဲ့ရပြီး နောက် ရာထူးကနေ နှုတ်ထွက်သွားပြီလို့ ဆမ်ဒိုးရီးယားအသင်းက ကြေညာ လိုက်ပါတယ်။

“နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်တဲ့ ဒေဝါလီခံတဲ့ ကိစ္စတွေမှာ မက်ဆီမိုဖာရဲရို ဖမ်းဆီးခံခဲ့ရတဲ့အတွက် အံ့အားသင့်စွာ သိရှိခဲ့ရ တယ်လို့” ဆမ်ဒိုးရီးယား အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စတွေဟာ ကလပ်ရဲ့ စီမံခန့်ခွဲမှုနဲ့ လုံးဝ မသက်ဆိုင်ကြောင်း ရှင်းလင်းဖို့ အရေးကြီးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

အီတလီ မီဒီယာတွေကတော့ မက်ဆီမိုဖာရဲရိုဟာ တနင်္လာနေ့က မီလန်မှာ ဖမ်းဆီးခံခဲ့ရပြီး အီတလီနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ အကျဉ်းထောင်တစ်ခုဆီ ခေါ်ဆောင်သွားခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

အသက် ၇၀ အရွယ်ရှိ မက်ဆီမိုဖာရဲရိုဟာ ဒေဝါလီခံမှု၊ အခြားသော ငွေကြေးဆိုင်ရာ ရာဇဝတ်မှု ပြုလုပ်ခဲ့တယ်ဆိုပြီး နေအိမ် အကျယ်ချုပ် ကျခံရသူ ၅ ဉီးနဲ့အတူ စွပ်စွဲခံထားရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ရှေ့နေကတော့ အဆိုပါ ဖမ်းဆီးခံရမှုဟာ တောင်ပိုင်း ကာလာဘရီရာဒေသရှိ ကုမ္ပဏီတွေရဲ့ ဒေဝါလီခံမှုနဲ့ ဆက်စပ်နေတယ်လို့ ပြောထားပါတယ်။

အီတလီ ဘောလုံးလောကဟာ အရှုပ်အရှင်းတွေ မကြာခဏ ဖြစ်နေပြီး မကြာသေးခင်ကလည်း ဂျုဗင်တပ်စ် အသင်းရဲ့ တူရင်နဲ့ မီလန်မှာရှိတဲ့ ရုံးခန်းကို ဝင်ရောက် စီးနင်းခံခဲ့ရတာပါ။

ဂျုဗင်တပ်စ် အသင်းဟာ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ အပါအဝင် ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ အပြောင်း အရွှေ့တွေမှာ ပြောင်းရွှေ့ကြေးတွေကို မှားယွင်းစွာ မှတ်တမ်းတင်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ ဂျုဗင်တပ်စ် အသင်းအနေနဲ့ သူတို့စွပ်စွဲခဲ့တဲ့အတိုင်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့မယ်ဆိုရင် စီးရီးဘီကို တန်းဆင်းခံရနိုင်ပြီး ၂၀၂၀ ခုနှစ်က ရခဲ့တဲ့ ချန်ပီယံဆုကို ပြန်လည် သိမ်းခံရနိုင်တယ်လို့တောင် သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ လုပ်ပွဲ အရှုပ်တော်ပုံတွေကြောင့်လည်း ၂၀၀၆ ခုနှစ်က ရမှတ် အများအပြား လျှော့ခံရပြီး စီးရီးဘီကို တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဓိက ကစားသမား အများအပြားဟာ အသင်းမှာ ဆက်ရှိခဲ့တာကြောင့် တစ်ရာသီ အကြာမှာပဲ စီးရီးအေကို တန်းပြန်တက်နိုင်ခဲ့ပြီး အမှတ်ပေးဖလားကို ၉ ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆမ်ဒိုးရီးယား အသင်းကတော့ လက်ရှိအချိန်မှာ စီးရီးအေပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေတာ လည်း ဖြစ်ပါတယ်။

Source: Besoccer.com